ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသ ဘန်ဆိုင်းအနီး နန့်ပါသက်ကျေးရွာအထက်ပိုင်း တရုတ်သင်္ချိုင်းကုန်းတွင် ဩဂုတ်လ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲတွင် အကြမ်းဖက် အာဏာသိမ်းစစ်တပ် ခမရ ၅၇၅ တပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်မဟာ ၅၁၁ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်အင်အား ၃၀ ရှိတဲ့ အာဏာသိမ်းစစ်တပ်အုပ်စုက ကျေးရွာအနီးဝန်းကျင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ကိုးကန့်တပ်မတော်မှ စောင့်ကြိုတိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နေ့လည် ၁ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂နာရီ ၂၀ မိနစ်ခန့်မှာတော့ ဘန်ဆိုင်းအနီး နန့်ဟူကျေးရွာတဝိုက် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဩဂုတ်လ ၆ ရက်နေ့လည် ၁ နာရီခန့် မုံကိုး-ဖောင်းဆိုင်ဒေသ မန့်ယန်ကျေးရွာနဲ့ ဘန်မွေကျေးရွာကြား မန့်ယန်ဘက်ကနေ ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခမရ ၃၁၅ အဖွဲ့ကို ကိုးကန့်တပ်မတော်မှ ခုခံတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးသံများ ပစ်ခတ်တဲ့အထိ ကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်ရေးလှုပ်ရှားမှုကို တိုးမြင့်လှုပ်ရှားလာပြီး လက်ရှိမှာတော့ ကိုးကန့်တပ်မတော်အပြင် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားမှုတွေက ခပ်စိပ်စိပ်ဖြစ်ပွားလာကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။