ဖားကန့်လမ်းပိုင်းရှိ နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အကြမ်းဖက်အုပ်စု အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၁၂) မှ တာဝန်ရှိသူများက ဇူလိုင် ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲတွင် အနီးဝန်းကျင်ရှိကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ကျေးရွာမီးတင်ရှို့လိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီမှ တာဝန်ရှိသူက ကျေးရွာအတွင်း ကေအိုင်အေအဖွဲ့က ဝင်ထွက်သွားလာနေပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးများက သတင်းပို့ခြင်းမရှိတာကြောင့် ကျေးရွာကို မီးတင်ရှို့လိုက်မယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ် ခမရ (၁၂) တပ်မှ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲခန့်တွင် ဆိုင်းဖရာကျေးရွာအနီး မနော့မှော်ဘက် ၈၂-မမ လက်နက်လို့ခန့်မှန်းရတဲ့ လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ကာ ခွန်ဆိုင်ဇွပ်ဆုတောင်းတောင်အနီး တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကလည်း ဖုန်းတာဝါတိုင်ရှိရာတောင်ကုန်းဘက် ၆၀-မမ ဖြင့် ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပါတယ်။
အခုရက်များတွင် ဖားကန့်လမ်းပိုင်း ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ကျေးရွာအနီးဘက် ရမ်းသမ်ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တဲ့အပြင် ယခုလို ကျေးရွာမီးရှို့လိုက်မယ်လို့ ခြိမ်းခြောက်လာခြင်းကြောင့် ဒေသခံပြည်သူများက ပိုမိုစိုးရိမ်ထိတ်လန့်နေကြရပါတယ်။
ဖားကန့်လမ်းပိုင်းတွင် ဇူလိုင် ၁၄ ရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ နေ့တိုင်းလိုလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။