အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့

ဖားကန့်မြို့နယ် ယူမာနဲ့ဆိုင်းတောင်ကျေးရွာကြား ယနေ့ ဇူလိုင် ၁၂ ရက် မနက် ၉ နာရီအချိန်တွင် ရဲဝတ်စုံဝတ် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၆) အဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ရဲကားဖြင့် သွားလာနေစဉ် ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ စစ်ကောင်စီလက်ပါးစေများ သေဆုံးမှုရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိစာရင်း အတိအကျကိုတော့ မသိရှိနိုင်သေးကြောင်း ရှေ့တန်းတာဝန်ရှိသူများထံမှ သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ ညနေ ၈ နာရီခန့်တွင်လည်း ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) တံတားအနီးရှိ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်မှ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး ၉ နာရီ ၂၅ မိနစ်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃) နယ်မြေတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခလရ (၅၈) အဖွဲ့က နန်ဇော်ယန်ဘက် ၁၀၅-မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့သလို ထိုအချိန်တွင် ခလရ (၁၄၂) အဖွဲ့နဲ့ ခမရ (၃၈၇) အဖွဲ့က ကေအိုင်အေ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၅)၊ တပ်ရင်း (၃၀) နယ်မြေဘက် လက်နက်ကြီးဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိကြောင်း သိရပါတယ်။

Leave a Reply

*