ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူလူထုကို ယခင်ထက် စစ်ဆေးခြင်းတွေ ပြင်းထန်စွာ လုပ်ဆောင်လာကြောင်း ပြည်သူအချို့က ပြောဆိုကြပါတယ်။

လက်တလောတွင်လည်း မြစ်ကြီးနားနဲ့ နမ္မတီးကြား မရန့်ကျေးရွာအထက် ၁၂ မိုင်တွင် စစ်ကောင်စီတပ်များနဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ခရီးသွားပြည်သူများ၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များကို ပိုက်စိတ်တိုက်စစ်ဆေးနေကြောင်း သိရပါတယ်။
မြစ်ကြီးနား-ဖားကန့်သွားတဲ့လမ်းပေါ်မှာရှိတဲ့ မရန့်ကျေးရွာဂိတ်နဲ့ ကားမိုင်းဂိတ်များတွင် ယခင်ကတည်း ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းခြင်း ပြင်းထန်စွာလုပ်ဆောင်နေပါတယ်။
ယခုလို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့မှ ပြင်းပြင်းထန်ထန်စစ်ဆေးနေရတဲ့ အကြောင်းရင်းကို အတိအကျမသိရှိရသေးပေမယ့် အချို့သောခရီးသွားပြည်သူများကို သံသယရှိတယ်ဆိုတဲ့အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။
စက်တင်ဘာ ၆ ရက်နေ့တွင် ဟိုပင်တံတားထိပ်ရှိ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ် ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။