အာဏာသိမ်းစစ်ကောင်စီမှ လက်ရှိတွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်နိုင်ဖို့ ကျောင်းအပ်လက်ခံမှုတွေကို မေလ ၂၄ ရက်နေ့ကတစ်ပြီး စတင်လက်ခံနေကာ နေရာအတော်များများတွင် ကျောင်းအပ်သူ မရှိသလောက်ဖြစ်နေပြီး ကျောင်းသားမိဘများကလည်း ကျောင်းဝင်းနဲ့ ကျောင်းပြင်ပ လုံခြုံမှုမရှိတာကြောင့် မိမိသားသမီးများ ကျောင်းတက်ရောက်ဖို့ စိုးရိမ်နေကြရပါတယ်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အပြင် တနိုင်ငံလုံးရှိ နေရာအများစုတွင် နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်နေချိန် မြို့တွင်းနေထိုင်နေပေမယ့် လုံခြုံမှုမရှိဖြစ်နေရခြင်းကြောင့် သားသမီးများကို မိဘအရိပ်အောက်ကနေ ကျောင်းထဲလွတ်ဖို့ မစဉ်းစားနိုင်ကြောင်း ပြောဆိုကြပါတယ်။
“ကျောင်းတက်အရွယ်ကလေးတွေအတွက် စိုးရိမ်မိတယ်၊ စစ်ကောင်စီကလည်း ကျောင်းတွေဖွင့်ဖို့လုပ်နေ မိဘတွေကလည်း ကျောင်းသားတွေကို အတင်းကျောင်းတက်ခိုင်းမှာကို စိုးရိမ်၊ ကျောင်းထဲမလွတ်ချင်ကြဘူး၊ ကလေးတွေ ကျောင်းသွားဖို့ လုံခြုံမှုကလည်းမရှိ၊ သူတို့အနေနဲ့ မသွားမနေရပြောလာမှာလားမသိဘူး၊ မသွားမနေရဆိုပြီး လာခေါ်ရင် သူတို့ဘယ်လိုသင်ကြားမှာလည်း၊ ကိုယ်အိမ်မှာ စခန်းမှာပဲ နေခိုင်းထားရင်လည်း ဘာမှမသင်ကြားပေးနိုင်ဖြစ်နေတယ်။ ကလေးတွေကို အချိန်အလကားတော့ မဖြုန်းတီးခိုင်စေချင်ဘူး၊ သူတို့သိတင့်သိထိုက်တာနဲ့သက်ဆိုင်ပြီး စိတ်သောကရောက်နေရပါတယ်” လို့ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေတဲ့ မိခင်တစ်ဦးကပြောပါတယ်။
ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများကို စစ်ကောင်စီလက်အောက်ရှိ အခြေခံပညာရေးဌာနမှ ဖွင့်လှစ်သွားဖို့ ကျောင်းလက်ခံရေးများ လုပ်ဆောင်နေပြီး ဝေးလှံခေါင်သီတဲ့ဒေသအချို့တွင် ကျောင်းအပ်နှံမှုရှိပေမယ့် ကျောင်းအများစုကတော့ ကျောင်းအပ်နှံမှု မရှိသလောက်ဖြစ်နေကာ အချို့နေရာများမှာတော့ ကျောင်းပင်ဖွင့်လှစ်နိုင်ခြင်းမရှိသလို ကျောင်းဆရာများကလည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေတာကြောင့် ကျောင်းဆရာဦးရေလုံလောက်မှုလည်း ရှိမနေပါဘူး။
ကျောင်းသားမိဘများက ကျောင်းလာရောက်အပ်နှံမှုမရှိခြင်းကို ဒေသရှိ ကျောင်းအုပ်များက ဖုန်းဆက်အကြောင်းကြားပြီး ကျောင်းအပ်နှံစေတာတွေနဲ့ ကျောင်းဆရာများကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံစာရင်းကောက်ခံတာတွေ ပြုလုပ်နေတာကြောင့် ကျောင်းသားမိဘများက စိတ်ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။