အာဏာသိမ်းစစ်ကောင်စီတပ်များက လမ်းသွားလမ်းလာပြည်သူများကို ခြိမ်းခြောက်လုယက်

တနိုင်းမြို့နယ် ဟူးကောင်းဒေသတွင် လှုပ်ရှားနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာတဲ့ ပြည်သူများကို ခြိမ်းခြောက်ရှာဖွေမှုတွေ အဆက်မပျက်လုပ်ဆောင်ပြီး စားသောက်ကုန်များ၊ ငွေနဲ့ အခြားသော သယ်ဆောင်လာတဲ့ပစ္စည်းမှန်သမျှကို မတရားရယူမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်အုပ်စုမှ မတရားခြိမ်းခြောက်ပြီး ပြည်သူများရဲ့ ပိုင်ဆိုင်မှုများကို လုယက်မှုလုပ်ဆောင်နေကာ ပြန်လည်အပြစ်ရှာမှုတွေပြုလုပ်လာမည်ကို စိုးရိမ်ပြီး ပြည်သူများက စစ်တပ်ကို မပြောဝံ့ သီးခံနေကြရကြောင်း ဒေသခံများကပြောပါတယ်။

ထိုဒေသတဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ ၈၆၊ ခလရ ၇၄ နဲ့ ခမရ ၃၁၈ တပ်ဖွဲ့တွေ ရေလမ်းကုန်းလမ်းကနေ စစ်ရေးလှုပ်ရှားမှုတွေ အမြဲလုပ်ဆောင်နေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

ဗန်းမော်ဒေသတွင်လည်း အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်-၁၉ ကပ်ရောဂါကိုအကြောင်းပြပြီး စစ်ဆေးရေးဂိတ်ပြုလုပ်ကာ ဖြတ်သန်းသွားလာသူများကို မြို့တွင်းသွားလာခွင့်ကဒ်မပါသူများကို ငွေကြေးတောင်းခံခြင်း၊ ဖြတ်သန်းမှုမပြုခြင်းများ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူများ အခက်ကြုံတွေ့နေကြရပါတယ်။

Leave a Reply

*