ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ အလော်ဘွမ်အနီးတဝိုက်ကို ဧပြီ ၁၃ ယနေ့မနက် ၆ နာရီအချိန်မှ ဒေါ့ဖုန်းယန်၊ နုန်လန်ကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သလို မြစ်ကြီးနားဘက်ကနေလဲ ဂျက်တိုက်လေယာဉ်ဖြင့် ၁၆ ကြိမ်မိုင်းပစ်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယနေ့မနက် ၃ နာရီခွဲအချိန်ခန့်တွင်လည်း ကေအိုင်အေ တပ်မဟာ (၃) နယ်မြေ Maji Gung Kaba တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ဒိန်ဆိန်းဘက်ကို ၁၀၅-မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကာ ကိုင်ထိပ်ဘက်တွင် နေရာယူထားတဲ့ အာဏာသိမ်းစစ်တပ်မှ ဖွန်ဒူဘွမ်ဘက်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
ယမန်နေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အနီးဝန်းကျင်ကျရောက်ပြီး လက်နက်ကြီးကျည်ထိမှန်ပြီး အပစ်မဲ့ပြည်သူသေဆုံးမှုတွေရှိခဲ့ကာ တရုတ်ဘက်ခြမ်း ဂါ့ဘန်ယန်အနီးတွင်လည်း ၁၀၅-မမ လက်နက်ကြီး ကျရောက်မှုဖြစ်ပွားခဲ့ပါတယ်။
အလော်ဘွမ်တပ်စခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်များက မြေပြင် လေပြင်ဖြင့် အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များအသုံးပြုကာ တိုက်ခိုက်မှုတွေ ပြင်ထန်လာတာကြောင့် ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲအရှိန်ကတော့ ပိုမိုဖြစ်ပွားလာဖို့ရှိနေကြောင်း ရှေ့တန်းစခန်းမှသိရပါတယ်။