ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ အလော်တောင် အောက်ဘက်ပိုင်း ဧပြီ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှ ညနေ ၅ နာရီခွဲအချိန်ထိ ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

၉ နာရီကြာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက အလော်တောင်အောက်ဘက် Tali Krung, Zaibru Hkyet ဘက်ကို ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်များက စောင့်ကြို ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
“အလော်တောင်ခြေဘက် စစ်ကောင်စီတပ်တွေ တက်လာတော့ ကျတော်တို့လည်း ခုခံတိုက်ခိုက်လိုက်ရတာပေါ့၊ သူတို့ဘက်က လက်နက်ကြီးတေါနဲ့ ပစ်ခတ်တာတွေဆက်တိုက်လုပ်ဆောင်ခဲ့တယ်” လို့ ရှေ့တန်းရောက်စစ်သည်တစ်ဦးကပြောပါတယ်။
နွမ်လန်ကျေးရွာနဲ့ မြို့သစ်ကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံကလေးမိခင်တစ်ဦး မိုင်းစထိမှန်ပြီး သေဆုံးသွားခဲ့ရပါတယ်။
သျှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်နယ် တလွှား ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ခပ်စိတ်စိတ်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်များက စစ်အင်အားတိုးချဲ့မှုတွေကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများ နေရာဒေသအသီးသီးမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေကြောင်း သုံးသပ်ထားပါတယ်။