ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်း NLD အစိုးရထံမှ အာဏာသိမ်းယူခဲ့တဲ့ ကာချုပ်အနေဖြင့် ယခင်အစိုးရအဖွဲ့များကို ဖျက်သိမ်းကာ အစိုးရသစ်အဖြစ်ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်နေပါတယ်။

ထိုထဲမှ မူလတာဝန်ထမ်းဆောင်နေသူများကို ပြန်လည်ခန့်အပ်တာဝန်ပေးတဲ့ဌာနများကတော့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို မူလအတိုင်းတာဝန်ထမ်းဆောင်စေကာ NLD အစိုးရခန့်အပ်ထားတဲ့ ဒုတိယဝန်ကြီး ၂၄ ဦးကိုတော့ တာဝန်များကနေ ရပ်စဲခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအသစ် ၁၁ ဦးကိုလည်း ခန့်အပ်တာဝန်ပေးကြောင်းအမိန့်ထုတ်ပြန်ခဲ့ကာ အစိုးရယန္တရားကို လည်ပတ်သွားဖို့ရှိနေပါတယ်။
ယခုပြန်လည်ခန့်အပ်လိုက်တဲ့ဝန်ကြီးများကတော့ ကာချုပ်ခန့်အပ်လိုက်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ (ယခင်ဒုတိယသမ္မတ) နဲ့အတူ နိုင်ငံတော်အရေးပေါ်ကာလအခြေအနေအတွင်း တာဝန်ထမ်းဆောင်သွားဖို့ ရှိနေပါတယ်။
နိုင်ငံတော်အရေးပေါ်ကာလက ယနေ့ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်ကစတင်ပြီး တစ်နှစ်တိတိဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။