ပြည်ထောင်စုနေ့ကျရောက်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ ဖားကန့်ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဦးဆောင်ပြီး ဖားကန့်မြို့ပေါ် အာဏာသိမ်းအစိုးရကို လမ်းလျှောက် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ယမန်နေ့တွေမှာလည်း ဖားကန့်မြို့တွင် ပြည်သူ့အစိုးရထံမှ အဓ္ဓမအာဏာသိမ်းယူထားတဲ့ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပြီး ယခုအကြိမ်မှာလည်း ဖားကန့်ဒေသတွင် ရောက်ရှိနေတဲ့ ဌာနေကချင်လူမျိုးများအပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
ယခုလို ဆန္ဒပြသနေခြင်းက “ပါတီတစ်ခုရဲ့ လိုလားချက်ကို သူတို့ကိုယ်ရပ်တည်ပေးခြင်းမျိုးမဟုတ်သလို ခေါင်းဆောင်တစ်ဦးတစ်ယောက်အတွက်လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပေါင်းစည်းထားပြီဖြစ်တာကြောင့် ကျတော်တို့က ဖိနှိပ်ခံနေရတဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကို ပြသနေခြင်းဖြစ်ပါတယ်” လို့ ဖားကန့်ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ခေါင်းဆောင် လမောင်လတောင်ကပြောပါတယ်။
“ကချင်လူမျိုးတွေအားလုံးကလည်း လူမျိုးရေးဆိုင်ရာမှာ စိတ်ဝင်တစားပါဝင်လာတာကို တွေ့ရှိရတာကြောင့် ယနေ့ကျတော်တို့လူမျိုးကို လက်တွဲပြီး ဦးဆောင်သွားရင်တော့ ကျတော်တို့လိုချင်တောင်းတနေတဲ့ လွတ်မြောက်ရေးပန်းတိုင်ကို ရောက်ရှိသွားလိမ့်မယ်လို့ ယုံကြည်ထားတော့ ပြည်သူတွေအားလုံးစိတ်တူကိုယ်တူစုပေါင်းပြီး ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားရအောင်” လို့ သူကဆက်ပြောပါတယ်။
အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒပြရာတွင် တိုင်းရင်းသားပေါင်းစုံဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ကာ အာဏာရှင်စနစ်မပြုတ်ကျမချင်း ဖားကန့်ရှိဌာနေတိုင်းရင်းသားနဲ့ ဖားကန့်ဒေသတွင် အခြားတိုင်းရင်းသားများ အားလုံးအတူတကွပူးပေါင်းပြီး ဆက်လက်လှုပ်ရှားဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံမှ အာဏာကိုအတင်းအဓ္ဓမလုယူခဲ့တဲ့ အာဏာသိမ်းစစ်တပ်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်ဆန့်ကျင်ဆန္ဒပြနေတာ ယနေ့အချိန်ထိဆိုရင် ၈ ရက်တိတိရောက်ရှိလာပြီဖြစ်ကာ ပြည်သူသန်းနဲ့ချီပြီး လမ်းပေါ်ထွက် အာဏာရှင်စနစ်ကျရှုံးရေးကို အားတွန်ခွန်စိုက်ဆန့်ကျင်နေသလို ည ၈ နာရီအချိန်တွင်လည်း အိမ်တိုင်းတွင် သံပုံးတီးခြင်းဖြင့် ပါဝင်ကြကာ အစိုးရဝန်ထမ်းများအနေဖြင့်လည်း Civil Disobedience Movement ဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်နေကြပါတယ်။