အသွားအလာကန့်သတ်နယ်မြေများ အစားအသောက်နဲ့ဆေးဝါးများ ဝယ်ယူနိုင်ရေးစီစဉ်ပေး

မကြာသေးခင်က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နဲ့ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းများတွင် အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်ထားချိန် လိုအပ်လာမည့် စားသောက်ကုန်းနဲ့ ဆေးဝါးများ ဝယ်ယူနိုင်ရေးအတွက် လိုင်ဇာအုပ်ချုပ်ရေးရုံးကနေ ကြီးကြပ်ပြီး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

အစားအသောက်နဲ့လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူနိုင်ရေး သက်ဆိုင်ရာဆိုင်များရဲ့ ဖုန်းနံပါတ်များကို ဖြန့်ဝေထားပေးကာ ဆက်သွယ်မှာယူနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းများနဲ့အညီ စီစဉ်ဆောင်ရွက်ပေးနေကြောင်း မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ​သိရပါတယ်။

“ပစ္စည်းမှာယူရေးမှာ တစ်ဦးတစ်ယောက်တည်းမဟုတ်ပဲ ရပ်ကွက်အလိုက်၊ စစ်ဘေးရှောင်စခန်းအလိုက် စုပေါင်းမှာယူနိုင်တဲ့ နည်းကို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” လို့ လိုင်ဇာမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ အင်ခွန်လွမ်တူး ကပြောပါတယ်။

အသွားအလာကန့်သတ်ထားတဲ့အချိန်တွင် ကုန်ဈေးနှုန်းကို သတ်မှတ်ထားတဲ့ဈေးနှုန်းထက် ကျော်လွန်ပြီး မရောင်းချဖို့ သက်ဆိုင်သူများမှ ပြောဆိုသတိပေးထားပြီးဖြစ်ကာ ဈေးတင်ရောင်းချခြင်းမရှိစေဖို့လည်း စောင့်ကြည့် ထိန်းကျောင်းသွားမှာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

ထို့ပြင် မြို့တွင်းရှိ အလှပြင်ဆိုင်၊ KTV၊ စာသင်ကျောင်းများနဲ့ လူစုလူဝေးဖြစ်စေတဲ့အရာမှန်သမျှကို ပိတ်ပင်ထားတာဖြစ်ပြီး စားသောက်ဆိုင်များကလည်း ပါဆယ်စနစ်ဖြင့် ခွင့်ပြုထားပေမယ့် ဆိုင်အများစုကတော့ ဆိုင်ပိတ်ထားတာဖြစ်ပြီး လိုင်ဇာဈေးကြီးက စားသောက်ကုန်များကို အဓိကထားရောင်းချတဲ့နေရာဖြစ်တာကြောင့် ပိတ်ပင်ထားခြင်းမရှိကာ ကိုဗစ်စည်းကမ်းများနဲ့အညီ ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ လိုင်ဇာမြို့၊ မိုင်ဂျာယန်မြို့၊ နယ်စပ်တဝိုက်ရှိ စစ်ဘေးရှောင်စခန်းများနဲ့ ကေအိုင်အိုထိန်းချုပ်နယ်မြေများတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ပိုက်စိပ်တိုက်ရှာဖွေမှုတွေလုပ်ဆောင်ပေးနေကာ ပိုးကူးစက်ခံရသူများကိုလည်း ကျန်းမာရေးစောင့်ကြည့်ကာ ဆေးဝါးကုသမှုပေးနေပါတယ်။

Leave a Reply

*