အလျာန့်ဘွမ် ကျောင်းဝင်းရှိ အသွားအလာစောင့်ကြည့်ရေးနေရာကို ကျောင်းကော်မတီထံပြန်လည်အပ်နှံ

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးအတွက် ခရီးဝေးသွားလာပြီး ပြန်ရောက်လာသူများကို ကျန်းမာရေးစောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်နေတဲ့ အလျာန့်ဘွမ် ကျောင်းဝင်းရှိ အသွားအလာစောင့်ကြည့်ရေးနေရာကို ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီအနေဖြင့် ကျောင်းကော်မတီထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း သိရှိရပါတယ်။ စောင့်ကြည့်ရေးနေရာ အပ်နှံခြင်းကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ ခေါင်းဆောင်ဖြစ်တဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ အတွင်းရေးမှူး ဗိုလ်ကြီးဟိန်ဝှမ် တို့လာရောက်ခဲ့ကာ နေရာကို တရားဝင်ရုပ်သိမ်းကြောင်းနဲ့ ပါဝင်ကူညီသူများကို ကျေးဇူးတင်ကြောင်း၊ စောင့်ကြည့်ရေးနေရာအဖြစ်အသုံးပြုခြင်းကို ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း ကျောင်းဝင်း စောင့်ကြည့်ရေးတာဝန်ခံထံမှ သိရှိရပါတယ်။ အလျာန့်ဘွမ် အထက်တန်းကျောင်းကို ၂၀၂၀-၂၀၂၁ ခုနှစ် စာသင်နှစ်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တာကြောင့် ကျန်းမာရေးစောင့်ကြည့်နေရာအဖြစ် အသုံးပြုခဲ့တဲ့ ကျောင်းဝင်းကို ပိုးသတ်ဆေးများပတ်ဖြန်းများ ပြုလုပ်ကာ အပ်နှံခဲ့ခြင်းဖြစ်ပါတယ်။ အလျာန့်ဘွမ်ကျောင်းဝင်းကို ကျန်းမာရေးစောင့်ကြည့်နေရာအဖြစ် ဧပြီလ ၂၆ ရက်နေ့ကတည်းက စတင်အသုံးပြုခဲ့ခြင်းဖြစ်ကာ မုန်းဆိုင်ယန်၊ ဂျာထုကုန်း၊ ဂျဲယန်၊ ဖုန်လွန်ယန် တဝိုက်ရှိ ပြည်သူများ ခရီးသွားလာခြင်းမှ ရောက်ရှိလာသူ အယောက် ၃၃၅ ဦးကို စောင့်ကြည့်မှုများလုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

Leave a Reply

*