ကေအိုင်အေဌာနချုပ်နယ်မြေဖြစ်တဲ့ အလော့ဘွမ်တောင်ခြေတဝိုက် ယနေ့ မေလ ၆ ရက် မနက်၆ နာရီကစတင်ပြီး ကေအိုင်အေတပ်မဟာ (၅) တပ်ရင်း (၂၅) နယ်မြေဘက် အာဏာသိမ်း စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် ၆ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်များအနေဖြင့် မြေပြင်ကနေ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပြီး လက်နက်ကြီးဖြင့် ပစ်ကူတာတွေ ပြုလုပ်သလို လေကြောင်းဖြင့်လည်း ကြိမ်ဖန်များစွာ နေ့စဉ်နေ့တိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေမယ့် အလော့ဘွမ်တဝိုက်ကို ကေအိုင်အေတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ပူးပေါင်းတပ်ဖွဲ့ဖြင့် ခုခံတိုက်ခိုက်မှုတွေကို စဉ်ဆက်မပျက်လုပ်ဆောင်နေကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ယမန်နေ့ည ၇ နာရီဝန်းကျင်တွင်လည်း ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့ ကောင်းကင်ယံပေါ် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ အလော့ဘွမ်ဗျူဟာကုန်းတပ်စခန်းကို ကေအိုင်အေတပ်မှ လွန်ခဲ့သော မတ်လ ၂၅ ရက်နေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ ပြန်လည်ရရှိရေး မြေပြင် ဝေဟင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပေမယ့် ကေအိုင်အေဘက်မှ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။
ထို့ပြင် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာလည်း ကေအိုင်အေတပ် ထိန်းချုပ်ထားတဲ့ ဆလောင်းကုန်း (တာဝါတိုင်) ဘက် ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ရေးလေယာဉ် တစ်စီးဖြင့် လာရောက် ဗုံးကြဲစဉ် ကေအို်ငအေဘက်မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့မှုတွေ ရှိခဲ့ပါတယ်။