ကေအိုင်အေဌာနချုပ်နယ်မြေ တပ်မဟာ (၅) ဒေသ အလော့ဘွမ်တောင်ခြေ ရှန်ထုံဘွမ်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၃၈၇) နဲ့ ကေအိုင်အေတပ်ကြား ဧပြီ ၂၅ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်ခန့်က စတင်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်များက ယမန်နေ့တွင် ကေအိုင်အေဌာနချုပ်နယ်မြေ ဆလောကုန်း (တာဝါတိုင်) အနီး မနက် ၄ နာရီကနေ ညနေ ၃ နာရီခန့်အထိ တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို ညနေ ၅ နာရီခန့်တွင်လည်း နောက်တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး ယနေ့မနက်မှာတော့ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြင်းအထန်ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။
ဧပြီ ၂၄ ရက်နေ့ ညနေ ၇ နာရီခွဲခန့်တွင်လည်း ဂေါ်ငူကုန်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ဒေါ့ဖုန်းယန်ကျေးရွာဘက် လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်မှုတွေလည်း ရှိခဲ့ကာ ထိုနေ့ကစတင်ပြီး အလော့ဘွမ်တဝိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေတာ ၃ ရက်ဆက်တိုက် ဖြစ်နေပါပြီ။
ကချင်ပြည်နယ်၊ သျှမ်းပြည်မြောက်ပိုင်းဒေသ အချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား ဧပြီလအတွင်းမှာပင် နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားမှုတွေရှိနေကာ တိုက်ပွဲပြင်းထန်နေတဲ့ အလော့ဘွမ်အနီးရှိ ကျေးရွာများကတော့ မိုးမောက်မြို့ဘက် ထွက်ပြေးတိမ်းရှောင်နေကြရသူ ၂ ထောင်ကျော်ရှိနေပါတယ်။