အလောဘွမ်စခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်များက မရပ်မနားထိုးစစ်ဆင်ခဲ့

ကချင်ပြည်နယ် ဒေါ့ဖုန်းယမြို့နယ်ခွဲရှိ အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားတဲ့ အလောဘွမ် ဗျူဟာကုန်းတပ်စခန်းကို မတ်လ ၂၄ ရက်နေ့က ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ရှိတပ်ရင်းများမှ ရှောင်တခင်တိုက်ခိုက်ခဲ့ကာ မတ်လ ၂၅ ရက်နေ့မနက် ၅ နာရီအချိန်ခန့် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အလောဘွမ်က ကေအိုင်အိုဌာနချုပ်နဲ့ ၁၀ မိုင်သာကွာဝေးတဲ့နေရာမှာတည်ရှိနေပြီး စစ်ကောင်စီတပ်များ ဗျူဟာကုန်းအဖြစ်မပြုလုပ်ခင် ကေအိုင်အေရဲ့ နေရာတစ်ခုသာဖြစ်ကာ နှစ်ဖက်တပ်အတွက် အလွန်အရေးပါတဲ့နေရာတစ်ခုအဖြစ် တည်ရှိနေတာပါ။

ကေအိုင်အေတပ်မှ အလောဘွမ်ကို သိမ်းပိုက်လိုက်အပြီးတွင် စစ်ကောင်စီဘက်မှလည်း အလောဘွမ်အနီးတဝိုက်ရှိ သူတို့ရဲ့ တပ်စွဲထားရာနေရာများကို စစ်အင်အားတိုးချဲ့မှုတွေ များပြားစွာပြုလုပ်ခဲ့ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ အများအပြားပြုလုပ်ခဲ့တာပါ။

ထိုသို့ပစ်ခတ်မှုတွေ ထိုးစစ်ဆင်နေမှုတွေ တိုးမြင့်လုပ်ဆောင်လာရာမှာတော့ ဧပြီ ၁၁ ရက်နေ့မှာ အလောဘွမ် တောင်အောက်ဘက်ပိုင်းတွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်း ၂ ကြောင်းဖြင့်ထိုးစစ်ဆင်လာခြင်းကြောင့် မနက် ၈ နာရီခွဲအချိန်ခန့်မှ ညနေ ၅ နာရီခွဲအချိန်ထိ ၉ နာရီကြာ ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ထိုနေ့တွင် နွမ်လန်ကျေးရွာနဲ့ မြို့သစ်ကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံကလေးမိခင်တစ်ဦး အပါအဝင် အနည်းဆုံး ၅ ဦး သေဆုံးသွားခဲ့ရပါတယ်။

ခြေလျင်တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့တဲ့ စစ်ကောင်စီတပ်များက ဧပြီ ၁၂ ရက်နေ့မှာတော့ မနက် ၇ နာရီကနေ ညနေ ၁၀ နာရီဝန်းကျင်အထိ အလောဘွမ်၊ လဂျဘွမ်၊ ဖွန်လွန်ဘွမ်နဲ့ တပ်ရင်း (၁၉) တဝိုက် မြစ်ကြီးနားအခြေစိုက် နန့်ပုံလေတပ်နဲ့ မိတ္တီလာလေတပ်မ ှဂျက်တိုက်လေယာဉ်ဖြင့် မနက် ၇ နာရီတွင် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ၁၁ နာရီအချိန်ခန့်မှာတော့ ၃ စီးဖြင့် တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၁၄ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာ တရုတ်နိုင်ငံဘက်ခြမ်းအထိ မောင်းနှင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဧပြီ ၁၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်များဖြစ်တဲ့ ခလရ၊ ခမရ တပ်ရင်း (၅) ရင်းဖြင့် ပူးပေါင်းထားတဲ့တပ်နဲ့ ကေအိုင်အေတပ်ကြား အလောဘွမ်အနီးရှိ ရီထုကောင်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သလို ခလရ (၁၄၂) ရဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းကျရောက် ပေါက်ကွဲမှုတွေ ရှိခဲ့တာပါ။

ယမန်နေ့ ဧပြီ ၁၃ ရက်နေ့မှာတော့ ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား အနည်းဆုံး ၅ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ ကေအိုင်အေတပ်မဟာ (၁) နယ်မြေ ပူတာအိုခရိုင် ဆွမ်ပီယန်ကျေးရွာရှိ ရဲစခန်းတစ်ခုကို ရှောင်တခင်တိုက်ခိုက်ခဲ့ပြီး ဖုန်အင်ယမ်ရွာအနီးတွင်လည်း ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၂) တပ်ရင်း (၁၄) နယ်မြေဖြစ်တဲ့ ဟူးကောင်းဒေသမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာသယ်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေ တပ်မဟာ (၉) နယ်မြေ ဖားကန့်မြို့တွင်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူလူထုကို ဖြိုခွင်းဖို့ သွားရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ရှောင်တခင် မိုင်းခွဲတိုက်ခိုက်လိုက်တာကြောင့် လုံခြုံရေးတပ်များ အထိနာခဲ့ရပြီး အလောဘွမ်တဝိုက်နဲ့ သျှမ်းပြည်မြောက်ပိုင်းဒေသတွေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါသေးတယ်။

ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက ကချင်ပြည်နယ်တလွှားနဲ့ သျှမ်းပြည်မြောက်ပိုင်းတွင် မတ်လနဲ့ ဧပြီလပိုင်းတွင် ပိုမိုသိသာစွာတိုးများလာခဲ့သလို စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့မှုတွေ တိုးပြီးလုပ်ဆောင်နေတာကြောင့် နှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားမှုကတော့ လျော့ကျသွားဖို့ အလားအလာမရှိသေးကြောင်း ရှေ့တန်းစခန်းမှ သိရပါတယ်။

Leave a Reply

*