ကေအိုင်အိုအစိုးရ စိုက်ပျိုးရေးဝန်းကြီးဌာနမှ လက်အောက်ရှိ စိုက်ပျိုးမွေးမြူရေးဌာနကနေ ဦးဆောင်ဖွင့်လှစ်တဲ့ အလန်းဘွမ်စိုက်ပျိုးကျောင်း ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ဇွန်လဆန်းကနေစတင်ပြီး သင်ကြားပို့ချနေပြီဖြစ်ပါတယ်။

ယခုသင်ကြားနေတဲ့ စိုက်ပျိုးမွေးမြူရေးအတန်းကတော့ အမှတ်စဉ် (၁၈) အခြေခံစိုက်ပျိုးမွေးမြူရေးနဲ့ အမှတ်စဉ် (၇) အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးအတန်းတွေဖြစ်ကာ ကျောင်းသား (၅၀)ကျော်ကို လက်ခံသင်ကြားပေးနေကြောင်း သိရပါတယ်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် စာသင်ကြားမှုတွေ စတင်နေပြီဖြစ်ကာ ကျောင်းအပ်လက်ခံခြင်းကို ယနေ့ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားလက်ခံခဲ့ကြောင်း အလန့်ဘွမ်စိုက်ပျိုးမွေးမြူရေးကျောင်းအုပ် ဆရာဘရန်ဆိုင်း ကပြောပါတယ်။
အခြေခံစိုက်ပျိုးမွေးမြူရေးကျောင်းအတွက် စာသင်နှစ် တစ်နှစ်သတ်မှတ်ထားကာ အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးကျောင်းအတွက်ကတော့ သုံးနှစ် ဖြစ်ကာ အဆင့်မြင့်သင်ကြားရေးအထိ တက်မြောက်လိုသူများနဲ့ စိုက်ပျိုးမွေးမြူရေးကို စိတ်ပါဝင်စားသူများကိုသာ လက်ခံသင်ကြားပေးတာဖြစ်ပါတယ်။