ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးရှိ အလန့်ဘွမ်ဘော်ဒါကျောင်းတွင် နိုဝင်ဘာ ၉ ရက်နေ့အထိ စစ်ဆေးခြင်းရလဒ်အရ ကိုဗစ်-၁၉ ပိုးရှိသူ (၆၈၃) ဦးကို စစ်ဆေးနိုင်ခဲ့ကာ လက်ရှိမှာတော့ ဆေးဝါးကုသမှု ခံယူနေကြပါတယ်။

အလန့်ဘွမ် စာသင်ကျောင်းတွင် ကျောင်းသားနဲ့ ဆရာ စုစုပေါင်း ၁၀၅၇ ဦး ရှိတာဖြစ်ပြီး ထိုအထဲမှ အများစု ပိုးကူစက်ခံရခြင်းဖြစ်တာကြောင့် ပိုးရှိသူလူနာများကို ကျောင်းခန်းများတွင် ပြောင်းရွေ့နေရာချထားကာ ကုသပေးနေတာဖြစ်ပါတယ်။
ယခုလို ကိုဗစ်ကူးစက်မှုများပြားခဲ့ခြင်းကြောင့် ကျောင်းသားမိဘများက စိုးရိမ်ပူပန်နေကြရပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း တာဝန်ယူပြီး ဆောင်ရွက်ပေးနေကြောင်း အလန့်ဘွမ် အထက်တန်းကျောင်း တွဲဖက်ကျောင်းအုပ် ဆရာမကြီး မီရှီဆိုင်းခေါန် ကပြောပါတယ်။
“ကျောင်းသားမိဘများက သူတို့သားသမီးများနဲ့ ဝေးကွာနေတာဆိုတော့ စိတ်ပူပန်နေကြမယ်ဆိုတာကို သိပါတယ်၊ သက်ဆိုင်ရာ ဌာနအနေဖြင့် ဆေးဝါးကုသမှုတွေ၊ ဆရာဝန် သူနာပြုတွေ ထပ်တိုးပြီးတော့ စားသောက်ရေးကူညီတာတွေကို လုပ်ဆောင်နေပါတယ်၊ ပိုးရှိလူနာများထဲမှာ ကျန်းမာရေးဆိုးရွာတာ၊ အောက်ဆီဂျင်ရှူရတဲ့အဆင့်ထိ မရောက်တာကြောင့် သိပ်လည်း စိတ်မပူပန်ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ တွဲဖက်ကျောင်းအုပ်ဆရာမကြီး ကပြောပါတယ်။
လက်ရှိမှာတော့ အလန့်ဘွမ် အထက်တန်းကျောင်းအတွက် အစားအသောက်နဲ့ ဆေးဝါး ထောက်ပံ့ကူညီခြင်းကို လူမှုအဖွဲ့အစည်းများက ကူညီနေတဲ့အပြင် ကေအိုင်အို အစိုးရ စားသောက်ကုန်ဖြန့်ဝေရေးကော်မတီအနေဖြင့်လည်း စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
အလန့်ဘွမ် ကျောင်းတွင် ယခင်က ကျောင်းသားဦးရေ (၁၅၀၀) ဝန်းကျင် စာသင်ကြားခံယူနေကြတာဖြစ်ပြီး ကျောင်းပိတ်ထားရတဲ့ ရက်ရှည်လာခြင်းကြောင့် ယခင်လကုန်ပိုင်းတွင် ကျောင်းသား (၅၀၀) ဝန်းကျင် နေရပ်ပြန်သွားကြတာဖြစ်ပါတယ်။