အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းပို့ချသွားမည်

Htoi Gender အဖွဲ့အစည်းမှ ဦးဆောင်ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းတစ်ခုကို ဇွန်လ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ မြစ်ကြီးနားမြို့ သီတာနှစ်ခြင်းအသင်းတော်ကျောင်းဝင်းတွင် သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ အိမ်ထောင်တွင်း ညှင်းပန်းနှိပ်စက်မှု ပုံစံမျိုးစုံဖြင့် ခံစားနေရကာ အခွင့်အရေးဆုံးရှုံးမှုတွေရှိနေတာကြောင့် အမျိုးသမီးများအနေဖြင့် ကိုယ့်အခွင့်အရေးကို တရားဥပဒေနည်းလမ်းအတိုင်း သိရှိနားလည်စေဖို့ ပို့ချပေးခြင်းဖြစ်ပါတယ်။ “ကချင်ပြည်နယ်မှာ အမျိုးသမီးတွေအနေဖြင့် ပုံစံအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်မှုတွေခံစားနေရတာတွေ အခွင့်အရေးဆုံးရှုံးနေရတာတွေ များစွာရှိနေတာဖြစ်တာကြောင့် အမျိုးသမီးများအတွက် မျှတတဲ့အခွင့်အရေးရရှိစေဖို့ ဒီလိုသင်တန်းပို့ချခြင်းဖြစ်ပါတယ်” လို့ Htoi Gender အဖွဲ့အစည်းမှ ဆရာ မရန်ဆွတ်ထွယ်ဆိုင်းအောင်က ဆိုပါတယ်။ ဒီသင်တန်းမှာတော့ လူ့အခွင့်အရေး၊ အစိုးရချမှတ်ထားတဲ့ အမျိုးသမီးအခွင့်အရေး၊ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာနဲ့ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေများကို အခကြေးငွေမယူပဲ ၅ ရက်တိတိပို့ချသွားမှာဖြစ်ကာ ခရီးဝေးမှ ရောက်လာသူများအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ခရီးစရိတ်စတာတွေကို Htoi Gender အဖွဲ့အစည်းမှထောက်ပံ့ပေးသွားမှာဖြစ်ကာ သင်တန်းတက်ရောက်ချင်သူများအနေဖြင့် Htoi Gender နဲ့  Develoment Foundation တို့ရဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ ကိုယ့်ရဲ့နေရပ်လိပ်စာအပြည့်အစုံဖြင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးသူများအနေဖြင့် ကိုယ့်ဒေသတွင် သင်ယူထားတဲ့ အခွင့်အရေးဆိုင်ရာ ဥပဒေပိုင်းဆိုင်ရာများကို ပြန်လည်ပို့ချမှုတွေကို ဆက်လက်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ Htoi Gender အဖွဲ့အစည်းက အမျိုးသမီးအခွင့်အရေးဆိုင်ရာ အမြင်ဖွင့်သင်ကြားပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ အမျိုးသမီးများအတွက် ဥပဒေပိုင်းဆိုင်ရာအကြံပေးခြင်းများ ပြုလုပ်ပေးကာ ထိုသူများအတွက် ကူညီထောက်ပံ့မှုတွေနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လက်မှုပညာများကိုလည်း သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။

Leave a Reply

*