ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ မန်ခွမ်ကျေးရွာအနီး ဇွပ်ရာကျေးရွာတဝိုက် ဩဂုတ်လ ၂၉ ရက်နေ့ မနက် ၆ နာရီခွဲတွင် ကိုးကန့်တပ်မတော်နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်မှ ယခင်နေ့က ထိခိုက်ကျဆုံးမှုများပြားတာကြောင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လိုက်စဉ် နမ့်ဟာကျေးရွာရှိ တအာင်းမိသားစုနေအိမ်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး၊ ၇၅ နှစ်နဲ့ ၆၂ နှစ်အရွယ် ၂ ဦးနဲ့ ၂၄ နှစ်အရွယ် လူငယ်တစ်ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးခဲ့ရသလို နေအိမ်လည်း မီးလောင်ကျွမ်းသွားခဲ့ရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်ကြား တိုက်ပွဲပြင်းထန်လာတာကြောင့် နမ့်ဟာနဲ့ ကောင်လုံကျေးရွာရှိ ဒေသခံ ၅၈၁ ဦးက မုံးကိုးမြို့ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင်လည်း မုံးကိုး-ဖောင်းဆိုင်ဒေသ ပန်ဆာတိုင်ကျေးရွာအနီး ကိုးကန့်တပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနောက်တစ်ကြိမ်ထပ်မံဖြစ်ပွားမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

မုံးကိုးဒေသတွင် ကေအိုင်အေ၊ ကိုးကန့်တပ်မတော် ပူးပေါင်းအဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ကြား ဩဂုတ်လ ၂၈ ရက်နေ့ည ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၂ ဦးအပါအဝင် အများအပြားသေဆုံးခဲ့သလို စစ်ကောင်စီတပ်ရဲ့ စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိ ခဲ့ပါတယ်။