တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲခြင်းကို မေလတစ်လလုံးသတ်မှတ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် KIA နယ်မြေဘက်ကို ဧပြီ ၁၂ ရက်နေ့ကစတင်ပြီး မြေပြင် ဝေဟင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ယနေ့ မေလ ၁ ရက်နေ့မှာလည်း တိုက်ပွဲများပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

ယနေ့မေလ ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်အနေဖြင့် ဂျက်တိုက်လေယာဉ်များဖြင့် မြို့သစ်၊ ကုန်းလော၊ နွမ်လန် လမ်းပိုင်းဘက် ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကာ မိုးမောက်မြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် စစ်အင်အားတိုးချဲ့ကာ ကေအိုင်အေ တပ်မဟာ (၅) ဌာနချုပ်နယ်မြေ ဆလော်ကုန်း (ဆက်သွယ်ရေးတာဝါတိုင်) အနီးတဝိုက်တွင် ဧပြီ ၃၀ ရက်နေ့တွင်လည်း ကေအိုင်အေတပ်နဲ့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၆ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ KIA တပ်ရင်း ၂၅ နယ်မြေ ဂျော်မော်တပ်စခန်းဘက်ကိုလည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကေအိုင်အေ ဌာနချုပ်နယ်မြေရှိ အလော့ဘွမ်တပ်စခန်းကို မတ်လ ၂၅ ရက်နေ့ သိမ်းပိုက်လိုက်အပြီး ထိုနေရာတဝိုက် စစ်ကောင်စီတပ်ဘက်မှ ထိုးစစ်ဆင်နေမှုက ယနေ့အချိန်ထိဖြစ်ကာ မြေပြင်ထိုးစစ်အပြင် ဝေဟင်မှ တိုက်လေယာဉ် ရဟတ်ယာဉ်များအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေသလို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေကလည်း နေ့တိုင်းရှိနေပေမယ့် ထိုနေရာများကို ကေအိုင်အေအနေဖြင့် ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။
ထို့ပြင် KIA တပ်မဟာ (၂) တပ်ရင်း (၁၄) နယ်မြေတွင်လည်း နမ့်ခမ်းကျေးရွာတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ (၇၄) တပ်နဲ့ ကေအိုင်အေတပ်ကြား ဘုန်းကြီးကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။