ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ထားပြီး လစ်လပ်နေတဲ့နေရာကို မြန်မာစစ်သားကားများ အမြဲလိုလိုရိုက်ကူးလေ့ရှိတဲ့ သရုပ်ဆောင် ခန့်စည်သူ ကိုခန့်အပ်ကြောင်း ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်မှ ယခင်အစည်းအရုံးဥက္ကဌများဖြစ်ကြတဲ့ သရုပ်ဆောင် ဇင်ဝိုင်းနဲ့ သရုပ်ဆောင် လူမင်းတို့ကို ဖမ်းဝရမ်းထုတ်အပြီး ဖမ်းဆီးခြင်းကို ခံထားရသလို ထောင်တွင်းမှ တရားရင်ဆိုင်နေကြရကာ ရုပ်ရှင်သရုပ်ဆောင် အတော်များများကလည်း ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေကြရချိန်လည်း ဖြစ်ပါတယ်။
ယခုလို ဦးခန့်စည်သူမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ကြောင်း ထုတ်ပြန်အပြီး အနုပညာရှင်အချို့က အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း အသီးသီးထုတ်ဖော်လာကြပါတယ်။
ထို့ပြင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှာလည်း အာဏာသိမ်းစစ်ကောင်စီက အတင်းအဓမ္မအဖွဲ့ဝင်များကို သတ်မှတ်လာတာကြောင့် အမည်စာရင်းပါဝင်နေသူ အတော်များများကလည်း အကြောင်းပြချက်များဖြင့် နှုတ်ထွက်စာများ တင်ထားကြပါတယ်။