ကေအိုင်အိုအစိုးရ ကျန်းမာရေးဝန်းကြီးဌာနနဲ့ HPA ပရောဂျက်တို့ ပူးပေါင်းပြီး Malaria New Microscopic သင်တန်းကို ယမန်နေ့ကပြုလုပ်ခဲ့ပါတယ်။

ဌာနချုပ်နယ်မြေအတွင်းရှိ ဆေးရုံဆေးခန်းတာဝန်ရှိသူများနဲ့ အရှေ့ပိုင်းတိုင်းဌာနချုပ်ရှိ ဆေးရုံဆေးခန်းများ၊ အနောက်ပိုင်းတိုင်းဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတိုင်းဌာနချုပ်ရှိ ဆရာဝန်များ ပါဝင်သင်ယူခဲ့ကြကာ အဏုကြည့်မှန်ဖြင့် ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ အခြားသောရောဂါအမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာကာ စစ်ဆေးနိုင်ဖို့ Malaria New Microscopic Training ကိုပေးအပ်ရခြင်းဖြစ်ကြောင်း ငှက်ဖျားရောဂါဆိုင်ရာ ဆရာဝန် ခွမ်ဂျာဒိမ် ကပြောပါတယ်။
“အဓိကအားဖြင့် ဆေးပေးခန်း ဆေးခန်းတွေမှာ အဏုကြည့်မှန်အသုံးပြုမှု ထပ်ဆင့်တိုးမြင့်လာနိုင်ဖို့၊ ဒီအပိုင်းမှာတာဝန်ယူမည့်သူတွေ တိုးများလာဖို့၊ ကျမတို့ ငှက်ဖျားရောဂါ ကုသရေးမှာလည်း အဆင့်မြင့်မြင့်နဲ့ ကုသပေးသွားနိုင်ဖို့၊ ကုသနည်းများကိုလည်း WHO ချမှတ်ပေးတဲ့နည်းလမ်းတွေ ပြောင်းလဲလာတဲ့နည်းနာတွေနဲ့အညီ အဆင့်မြင့်မားစွာ ထိရောက်စွာဖြင့် ကုသပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။
အဏုကြည့်မှန် အသုံးပြုပြီး ရောဂါခွဲခြမ်းစိတ်ဖြာတဲ့ သင်တန်းကို ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ အထိ နှစ်စဉ်နှစ်တိုင်း သင်ကြားပေးပေမယ့် ၂၀၁၄ ကစတင်ပြီး လိုအပ်ချက်အပေါ် ဖြည့်စွက်ပို့ချပေးမှုတွေသာ လုပ်ဆောင်နေတာဖြစ်ကာ ယခုလို သင်တန်းများကို ဆက်လက်ပြုလုပ်ပေးသွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။
လိုင်ဇာမြို့နဲ့အနီးတဝိုက်ရှိ ပြည်သူများက နှစ်စဉ်နှစ်တိုင်းလိုလို မိုးရာသီအချိန်ရောက်ရှိရာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေ များပြားစွာရှိနေတာကြောင့် ကျန်းမာရေးဌာနချုပ်အနေဖြင့် မြို့အုပ်ချုပ်သူများကလည်း နှစ်တိုင်း တစ်နှစ်လျှင် ၂ ကြိမ်းနှုန်းဖြင့် မြို့တော်အတွင်း ခြင်ဆေးဖြန်းမှုတွေပြုလုပ်ကာ ပြည်သူများကို ငှက်ဖျားပိုးစစ်ဆေးပေးခြင်း အခြားသောဆေးကုသရေးများလည်း ပြုလုပ်ပေးနေပါတယ်။