အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်များကို ကြက်ခြေနီအဖွဲ့ ငွေကြေးထောက်ပံ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့က အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်း (၈)ခုရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း (၃၃၄၀) ကူညီခဲ့ကြောင်း ကြက်ခြေနီအဖွဲ့ထံမှ သိရှိရပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအခက်ကြုံတွေ့နေရတာကြောင့် အဖွဲ့အနေဖြင့် အိမ်ထောင်စုတစ်စုကို ကျပ်လေးသိန်းစီ ကူညီခဲ့တာဖြစ်ပါတယ်။

“အခုလို စစ်ဘေးရှောင်ပြည်သူများကို ကျပ် လေးသိန်းပေးအပ်တာက နှစ်စဉ်နှစ်တိုင်းပေးအပ်တာပါ၊ အဲ့ဒီကနေမှ ကျတော်တို့က စီမံချက်မြို့နယ်ကျသူတွေကိုသာပေးတာပါ။ မနှစ်ကပေးပြီးသားသူတွေကိုတော့ ဒီနှစ်မပေးတော့ဘူး၊ ပြီးတော့ အထပ်ထပ်မဖြစ်ဖို့ စီစစ်တာတွေလုပ်တယ်၊ အဲ့ဒါကိုလည်း သိစေချင်ပါတယ်” လို့ ကချင်ပြည်နယ်ကြက်ခြေနီအဖွဲ့ ခေါင်းဆောင် ဦးလဖိုင်ဘရန်ဒီးကပြောပါတယ်။

ကူညီခဲ့တဲ့စစ်ဘေးရှောင်စခန်းများကတော့ ဝိုင်းမော်မြို့နယ် ချင်ကြိုင်စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၂၁၄) စု၊ မန်ကျယ်စခန်းမှ (၁၇၁) စု၊ ရွှေဂူမှ (၄၈) စု၊ ရှထုဇွပ် (၇၄) စု၊ နမ္မတီး မိုးကောင်းမှ (၁၇၆) စု၊ လွယ်ဂျယ် (၉၁) စု ၊ ဗန်းမော်စစ်ဘေးရှောင်စခန်း (၉၈) စုတို့ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ကာ ဆက်လက်ပြီးတော့ နမ့်ဆန်ယန်ကျေးရွာကို ပြန်လည်နေထိုင်ကြတော့မယ့် စစ်ဘေးရှောင်အိမ်ထောင်စု (၅၀)ကိုလည်း ကူညီမှုတွေပေးအပ်သွားမှာဖြစ်တယ်လို့ ပြောပြပါတယ်။

ယခုလိုကူညီထောက်ပံ့ခြင်းက နိုင်ငံတော်အစိုးရကပေးအပ်ခြင်းမဟုတ်ကာ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေကြေးများဖြစ်ပြီး ကြက်ခြေနီအဖွဲ့အနေဖြင့် အကူအညီရောက်ရှိခြင်းသိပ်မရှိတဲ့ စစ်ဘေးရှောင်စခန်းများ၊ တကိုယ်တည်းနေရသူများ၊ အိမ်ထောင်တွင်းအခက်ကြုံနေရသူများကိုသာ ရွေးချယ်ပြီး ကူညီနေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a Reply

*