သျှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ ဇွန်လ ၂၁ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေကာ ယမန်နေ့မှာတော့ ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေဖြစ်တဲ့ ဂါလျာန်ဒေသမှာ နမ်ဘာမုန်နဲ့ နမ်ဟူကြားမှာ အစိုးရတပ် တပ်မ(၈၈) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဂါလျာန်ဒေသတွင် ကေအိုင်အေ တပ်စွဲထားသောနေရာဘက်ကို အစိုးရတပ်တွေ စစ်အင်အားတိုးချဲ့လာတာကြောင့် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ ၁၇ ရက်နေ့ကတည်းက ဖြစ်ပွားနေတာပေါ့လေ၊ ကျတော်တို့ဘက်ခြမ်းကတော့ ယနေ့မှ ပြန်လည်လှည့်လာပြီးတော့ စစ်အင်အားတိုးချဲ့မှုတွေလုပ်လာတော့ ဒီမနက်တိုက်ပွဲတွေဖြစ်တာပေါ့။ အဲ့တပ်က မနေ့က ကေအိုင်အေ တပ်ရင်း (၂၉)နဲ့လည်း ဖြစ်ပွားသေးတယ် ဒီနေ့ကြားရတာကတော့ အဲ့အနားမှာဖြစ်တာ အပေါ်ဘက်ကို ပြန်တက်သွားကြပြီ ထိခိုက်မှုတော့ ရှိမယ်ထင်တာပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိချိန်မှာတော့ အစိုးရတပ်မတော် တပ်မ (၈၈) နဲ့ (၉၉) မှ စစ်ကြောင်း ၅ ကြောင်း၊ တပ်အင်အား ၆၀၀ ဝန်းကျင်ဖြင့် ကေအိုင်အေ တပ်ရင်း (၈) တပ်ဆွဲထားတဲ့ ဂါလျာန်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေရှိနေကာ ဇွန်လ ၁၇ ရက်နေ့ကတည်းက စစ်ပွဲတွေ စဉ်ဆက်မပြတ်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားဖို့ ရှိနေတယ်လို့ ဒေသခံများက ခန့်မှန်းနေကြပါတယ်။