သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းနိမ့်ကျေးရွာအနီး ဇွန်လ ၃ ရက်နေ့မနက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ TNLA တပ်စခန်းရှိတဲ့ ကောင်းနိမ့်ကျေးရွာအနီးကို ခမရ (၃၆၇)နဲ့ ခမရ (၃၁၅) ပူးပေါင်းပြီး ထိုးစစ်ဆင်လာခြင်းကြောင့် စစ်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကောင်းနိမ့်ကျေးရွာအနီး စစ်ဖြစ်နေချိန် မုန်းဆီးရွာအနီးရှိ အစိုးရတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းရှိခဲ့ပါတယ်။ “ကျတော်တို့ ဒီကနေတော့ အသံတွေကြားနေရတယ် ဘယ်နေရလဲတော့မသိလို့ ဖုန်းဆက်မေးကြည့်တော့ လဂတ်ဘွမ်အနီးတဝိုက်လို့ ကြားသိရတယ်။ မိုးချုပ်တဲ့အထိ ဆယ်ကြိမ်မက ပစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အစိုးရတပ်မတော်အနေဖြင့် မေလ ၁၀ ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့မှလွဲပြီး ကျန်လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲထားမည့်အကြောင်း ထုတ်ပြန်ထားသလို TNLA, MNDAA, AA စတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ကလည်း ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။