တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတဲ့ ဖားကန့်မြို့တွင် ယမန်နေ့ မေလ ၂၇ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) မှ ဖားကန့်မြို့၊ ကောင်ဆန်ကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ဖားကန့်ဗျူဟာကုန်းတွင် အခြေတည် တပ်စွဲထားတဲ့ ခမရ (၁၁၁), ခမရ (၁၁၆)နဲ့ ခမရ (၁၃) ပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဖားကန့်မြို့ဘက်ကနေ စစ်ကြောင်းထွက်ခွာလာစဉ် ကြားဖြတ် တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိခဲ့တာကြောင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေခဲ့ပြီး ၁၅ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။
ကေအိုင်အေ တပ်ရင်း (၆) နယ်မြေတွင် ယခုအပတ်တွင်း အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ကေအိုင်အေတပ်မှ လေးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်မှုတွေကလည်း ရှိခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေကလည်း ရှိနေပါသေးတယ်။
ယမန်နေ့တွင် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ သင်္ဘောကို ကေအိုင်အေ တပ်ရင်း (၅) မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရပါတယ်။
ပူတာအိုဘက် ရောက်ရှိလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း၊ ရိက္ခာများတင်ဆောင်လာတဲ့ စစ်ယာဉ်တန်းက ပူတာအိုတဝိုက်ရှိ တပ်စခန်းများဘက် ရိက္ခာဖြည့်တင်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။