ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ကန်ပိုက်တီကားလမ်းပေါ်ရှိ အင်ဝမ်းယာန်ကျေးရွာအနီး တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃) မှ ယနေ့မနက် ၈ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။
အင်ဝမ်းယာန်ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့သလို စခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
နေ့လည် ၁၁ နာရီခွဲခန့်မှာတော့ ဝိုင်းမော်ရှိ ခလရ (၅၈) တပ်စခန်းက အင်အား ၅၀ ပါ စစ်ကောင်စီတပ်သားများက အင်ဝမ်းယာန်ဘက် တပ်အင်အားဖြည့်ဖို့ ရောက်ရှိလာမှုရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သေးကြောင်း ခန့်မှန်းထားကြပါတယ်။
ဇူလိုင်လကတည်းက အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့က ကေအိုင်အေ တပ်ရင်း (၃) နယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲများ မကြာခဏဖြစ်ပါနေပြီး ဇူလိုင် ၂၈ ရက်နေ့တုန်းကတော့ ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေတွင် ဩဂုတ်လ ၁ ရက် ညနေ ၈ နာရီခန့်တွင် ကေအိုင်အေတပ်စခန်းဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။