ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်းလကျေးရွာတွင် အောက်တိုဘာ ၂၃ ရက်နေ့ကတစ်ပြီး ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးမှုကို လုပ်ဆောင်နေခဲ့ရာ အောက်တိုဘာ ၂၆ ရက်နေ့အထိ ပိုးကူးစက်ခံထားရသူ ၄၀၀ ဦးဝန်းကျင်ရှိနေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းကော်မတီထံမှ သိရပါတယ်။

အေက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခြင်းခံသူ ၅၆၆ ဦးမှ ၃၈၄ ဦးတွင် ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ အများစုကတော့ အင်ဂွမ်းလ အထက်တန်းကျောင်းမှ ကျောင်းသားများနဲ့ ကျောင်းဆရာများ ဖြစ်ကြောင်း သိရပါတယ်။
ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ များပြားလာခြင်းကြောင့် အောက်တိုဘာ ၂၃ ရက်တွင် အသွားအလာကန့်သတ်ခြင်း လော့ဒေါင်းချမှတ်ခဲ့ကာ ကျေးရွာ ဝင်ထွက်လမ်းအားလုံးကို ပိတ်ပင်ပြီး ရပ်ကွက်အားလုံးကိုလည်း သွားလာခြင်း ကန့်သတ်လိုက်ကြောင်း ကိုဗစ်ကော်မတီထံမှ သိရပါတယ်။
လက်ရှိအချိန်ထိ ပိုးကူးစက်ခံထားရသူများကို စစ်ဆေးတွေ့ရှိနေသေးတာကြောင့် ကျောင်းကိုလည်း ရပ်နားထားကာ ပိုးရှိသူ ကျောင်းသားများကိုတော့ ကျောင်းတွင် နေရာချကာ ဆေးဝါးကုသမှု ပေးအပ်နေပြီး ကျေးရွာတွင် နေထိုင်သူအားလုံးကိုလည်း အောက်တိုဘာ ၂၆ ရက်နေ့ကစတင်ပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပေးနေပြီ ဖြစ်ပါတယ်။