အင်ဂွမ်းလကျေးရွာတွင် ကိုဗစ်ကူးစက်ခံရသူ ၅၀၀ နီးပါးရှိလာ

ကေအိုင်အိုထိန်းချုပ်နယ်မြေ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်းလကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရပါတယ်။

အင်ဂွမ်းလ အထက်တန်းကျောင်းရှိ ကျောင်းသားများတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ပြီး မြို့တွင်းရှိ ကျောင်းသားမိသားစုများနဲ့ ကျေးရွာတွင်း ဈေးရောင်းချသူများအားလုံးကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

ကျေးရွာကို အသွားအလာကန့်သတ် လော့ဒေါင်းချမှတ်ထားကာ ကိုဗစ် ပိုးရှိမရှိ စစ်ဆေးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး စစ်ဆေးခံသူ အယောက် (၉၀၀) ကျော်ရှိကာ ထိုအထဲမှ (၄၇၄) ဦးတွင် ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဝါးကုသမှု ပေးအပ်နေကြောင်း သိရပါတယ်။

ကိုဗစ် စစ်ဆေးခြင်းလုပ်ငန်းကို ဆက်လက်ပြုလုပ်နေရာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ (၂၈) ရက်နေ့လည် အထိ ပိုးကူစက်ခံထားရသူ (၂၅) ဦးကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။

“ဆက်တိုက် စစ်ဆေးနေပါတယ်၊ ကျေးရွာမှာနေပြီး ကျောင်းတက်နေတဲ့ ကျောင်းသားများနဲ့ သူတို့မိသားစုများကို အဓိကထား စစ်ဆေးနေတယ်၊ အောက်တိုဘာ ၂၈ ရက်နေ့လည်အထိ ၆ ဦးထပ်တွေ့တယ်၊ ကျေးရွာတွင် စစ်ဆေးစဉ်မှာတော့ ပိုးရှိသူ နည်းလာပါပြီ” လို့ ကိုဗစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်တလောမှာတော့ ကိုဗစ်ပိုးရှိလူနာများကို လက်ဝယ်ရှိနေသေးတဲ့ ဆေးဝါးများဖြင့် ကုသမှုပေးအပ်နေတာဖြစ်ပြီး ဒေသခံပြည်သူများက အစားအသောက်ပံ့ပိုးပေးနေတာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လိုအပ်မှုတွေကလည်း အဘက်ဘက်မှ ရှိလာနိုင်ပြီး ဆေးဝါးနဲ့ စားသောက်ကုန်များလည်း အရေးတကြီး လိုအပ်လာမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

*