အင်ဂွန်လ အထက်တန်းကျောင်းမှ ကျောင်းသားများနဲ့ ဆရာများ ၂၂၀ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံရ

ကေအိုင်အို ထိန်းချုပ်နယ်မြေ အင်ဂွန်လမြို့ရှိ အထက်တန်းကျောင်းတွင် ပညာဆည်းပူးနေတဲ့ ကျောင်းသားနဲ့ သင်ကြားပို့ချပေးနေတဲ့ ကျောင်းဆရာများ အယောက် (၂၇၈) ဦးကို အောက်တိုဘာ ၂၃ ရက်နေ့က ကိုဗစ်ပိုးရှိမရှိ စစ်ဆေးစဉ် ၂၂၀ ဦးတွင် ကိုဗစ်ကူစက်ခံထားရခြင်းကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဒေသဆေးရုံတွင် ကိုဗစ်လူနာ တွေ့ရှိခဲ့အပြီး ကျောင်းတွင်း ဖျားနာ ချောင်းဆိုမှုများ ဖြစ်နေသူအချို့ကို စစ်ဆေးမှုအပြီး ကျောင်းနှင့်ဆက်စပ်သူအားလုံးကို ပိုးရှိမရှိ စစ်ဆေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“ကျောင်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး အင်ဂွန်လ ပြည်သူ့ဆေးရုံမှာ ကိုဗစ် စစ်ဆေးကြည့်တော့ ပိုးတွေ့ခဲ့တာကြောင့် ကျောင်းက ချောင်းဆိုး၊ ဖျားနာသူတွေကို ထပ်မံစစ်ဆေးရာမှာတော့ ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာပါ၊ အခုကတော့ ကျောင်းမှာထားပြီး ဆေးဝါးကုသမှု ပေးအပ်နေပါတယ်” လို့  ကိုဗစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်ဂွန်လမြို့တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ များပြားလာခြင်းကြောင့် အောက်တိုဘာ ၂၃ ရက်နေ့ကစတင်ပြီး အသွားအလာကန့်သတ် လော့ဒေါင်းချမှတ်ထားကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းကော်မတီထံမှ သိရပါတယ်။

အင်ဂွန်လ အထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ တစ်ထောင်ဝန်းကျင် ပညာသင်ကြားခံယူနေတာဖြစ်ပြီး နှစ်ဝက်ကျောင်းပိတ်ကာလအတွက် ယခင်အပတ်ကစတင်ပြီး နှစ်ဝက်စာမေးပွဲဖြေဆိုနေကြတာလည်း ဖြစ်ပါတယ်။

လက်တလောတွင် ကျောင်းတွင်းရှိ ကျန်ရှိသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေကာ ကျောင်းကိုလည်း ခေတ္တပိတ် ရပ်နားထားကာ ကျောင်းသားများကို စစ်ဆေးပြီးပါက ဒေသခံပြည်သူများ အားလုံးကိုလည်း စစ်ဆေးပေးသွားဖို့ ရှိနေပါတယ်။

Leave a Reply

*