အင်ဂျန်းယန်မြို့နယ် ဇွပ်မိုင်ယန်ကျန်းမာရေးစောင့်ကြည့်နေရာတွင် သတ်မှတ်လူဦးရေပြည့်သွားခြင်းကြောင့် ဇန်နဝါရီ ၂၁ ရက်နေ့ကစတင်ပြီး (၁၇) မိုင်စစ်ဆေးရေးဂိတ်လမ်းပိုင်းကို အချိန်သတ်မှတ်ချက်မရှိ ပိတ်ပင်ထားမှာဖြစ်ကြောင်း မြောက်ပိုင်းဌာနချုပ် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရှိရပါတယ်။
ဇွပ်မိုင်ယန်ကျန်းမာရေးစောင့်ကြည့်စင်တာတွင် လူဦးရေ (၈၀) သာလက်ခံဖို့သတ်မှတ်ထားရာကနေ လက်ရှိမှာတော့ လူဦးရေပြည့်သွားခြင်းကြောင့် လမ်းပိုင်းကို ခေတ္တခဏပိတ်ထားခြင်းဖြစ်ပါတယ်။
“ကျန်းမာရေးစောင့်ကြည့်နေရာကို ခဏခဏပိတ်ထားရတာက ကျတော်တို့ ခရီးသွားပြည်သူတွေကို ရောဂါစစ်ဆေးခြင်းလုပ်ဆောင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်နေတာပေါ့ စစ်ဆေးတဲ့ပစ္စည်းကြောင့်လည်းပါတာပေါ့ဗျာ၊ ဒီပစ္စည်းတွေ မရောက်မချင်းတော့ ပိတ်ထားမှာပါ၊ အခြားအကြောင်းအရာတော့မရှိပါဘူး” လို့ ကိုဗစ်ကော်မတီ အတွင်းရေးမှူးကပြောပါတယ်။
ကေအိုင်အိုရဲ့ မြောက်ပိုင်းဌာနချုပ်ရှိ မုံနားဇွပ်ကျန်းမာရေးစောင့်ကြည့်နေရာမှာတော့ အယောက် (၂၀၀) သတ်မှတ်လက်ခံနေကာ ဇွပ်မိုင်ယန်မှာတော့ အယောက် (၈၀)၊ လောဒ့်မိုင်ယန်မှာ အယောက် (၅၀) သတ်မှတ်လက်ခံနေခြင်းဖြစ်ကာ သတ်မှတ်ဦးရေပြည့်သွားပါက လမ်းပိုင်းများပိတ်ပင်ထားခြင်းများကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
“လမ်းပိတ်တာနဲ့ပက်သတ်ပြီးတော့ သတ်မှတ်ထားတဲ့ဦးရေပြည်ရင် အလိုအလျောက် ၅ ရက်ပိတ်ဖို့ လုပ်ဆောင်ထားတာပါ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနဲ့အညီ ထန်းချုပ်ထားနိုင်ဖို့ ကော်မတီအနေဖြင့် ဆုံးဖြတ်ထားတာပါ” လို့သူကဆက်ပြောပါတယ်။
မြောက်ပိုင်းဌာနဘက်တွင် ဒီဇင်ဘာလကစတင်ပြီး ခရီးသွားပြည်သူများကို ကိုဗစ်စစ်ဆေးခြင်းများလုပ်ဆောင်ရာမှာ ဇွပ်မိုင်ယန် ကျန်းမာရေးစောင့်ကြည့်နေရာ (၁၇) မိုင်ဂိတ်တွင် ဇန်နဝါရီ ၉ ရက်နေ့က ကိုဗစ်ပိုးရှိသူတစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ပါသေးတယ်။