အင်ဂျန်းယန်မြို့နယ်မှာ KIA တပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွား

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ၁၇ မိုင်နဲ့ ၁၈ မိုင်ကြား ယနေ့ ဇွန်လ ၆ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၄) တပ်ဖွဲ့နဲ့ စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုတို့ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယခုလို ကေအိုင်အေနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို တန်ဖရဲတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ ၁၀၅-မမ လက်နက်ကြီးဖြင့် ပစ်ကူတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဂွေထောက်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အုပ်စုမှ ၁၂၀-မမ လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ထိုဒေသဘက်ကို အာဏာသိမ်းစစ်ကောင်စီတပ်များက ကေအိုင်အေတပ်စခန်းတည်ရှိရာ နယ်မြေဘက်ကို ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့တွင် ထပ်မံပြုလုပ်လာတာကြောင့် ခုခံတိုက်ခိုက်မှုတွေလုပ်ဆောင်ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ကေအိုင်အေ တပ်ရင်း (၄) နယ်မြေဘက် စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်မှ ဇွန်လ ၃ ရက်နေ့တွင် မိမိကျေးရွာရှိ နေအိမ်ဘက်သွားရောက်ပြီး မွေးမြူထားတဲ့တိရိစ္ဆာန်ကြည့်ရှုဖို့ ဆနီတူးယန်ဘက်သွားရောက်တဲ့ ပလနစစ်ဘေးရှောင်စခန်းမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထားခြင်းကိုလည်း မသိရှိရသေးပါဘူး။

Leave a Reply

*