ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်နေ့ထက်တစ်နေ့ များပြားလာခြင်းကြောင့် အသွားအလာကန့်သတ်မှုတွေ မြို့အဝင်အထွက် ပိတ်ပင်မှုတွေ စစ်ဆေးမှုတွေပိုမိုတိုးလာခြင်းကြောင့် အင်ဂျန်းယန်ဒေသခံများကလည်း သွားလာရေးခက်ခဲလာကာ စားဝတ်နေရေးအတွက်လည်း အခက်တွေ့လာရကြောင်း ပြောဆိုမှုတွေ ရှိလာပါတယ်။
မြို့အဝင်အထွက်လမ်းတွင် အစိုးရအနေဖြင့် အဖျားတိုင်းတာခြင်းများကို ပုံမှန်လုပ်ဆောင်ပေမယ့် ထိရောက်မှုမရှိနိုင်တာကြောင့် ဒေသခံများက မိမိဒေသတွင်း ကိုဗစ်ရောဂါရောက်ရှိလာမှာကိုလည်း တစ်ဖက်တွင် စိုးရိမ်နေကြရတာပါ။
“ရှာဖွေစားသောက်ရာမှာတော့ စိုးရိမ်စိတ်နဲ့လုပ်ဆောင်နေတာပေါ့၊ ဒီဘက်ကဒေသခံအများစုကတော့ တောထွက်ပြီးစားသောက်နေကြတာဆိုပေမယ့် ယခင်လို လွတ်လပ်စွာသွားလာရှာဖွေဖို့မဖြစ်နိုင်ပဲ စိုးရိမ်စိတ်နဲ့ သတိထားစွာလုပ်ဆောင်နေရပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဇွပ်မိုင်ယန်စစ်ဆေးရေးဂိတ်မှာတော့ လူအဝင်အထွက်စစ်ဆေးမှုတွေ ပုံမှန်လုပ်ဆောင်နေကာ ကျန်းမာရေးစောင့်ကြည့်ခံယူခိုင်းခြင်း၊ ရောဂါစစ်ဆေးပေးခြင်းများကိုလည်း ပြုလုပ်ပေးနေတာဖြစ်ပြီး ဇန်နဝါရီလအစောပိုင်းက မြစ်ကြီးနား ပလနစစ်ဘေးရှောင်စခန်းကနေ ရောက်ရှိလာသူတစ်ဦးတွင် ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။