အင်ဂန်ကျေးရွာရှိ မူးယစ်ဆေးသုံးစွဲသူနဲ့ ရောင်းဝယ်သူများကို လဆန်အောင် ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီး

လဆန်အောင် ပြည်သူ့စစ်အဖွဲ့နယ်မြေဖြစ်တဲ့ ဂွေထုဒေသ၊ အင်ဂန်ကျေးရွာရှိ မူးယစ်ဆေးသုံးစွဲသူနဲ့ ရောင်းဝယ်သူ ၈ ဦးကို ဇွန်လ ၁၅ ရက်နေ့က ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားကြောင်း သိရှိရပါတယ်။ ဂွေထုဒေသမှာ မူးယစ်ဆေးရောင်းဝယ်သူတွေများပြားသလို သုံးစွဲသူတွေလည်း တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတာကြောင့် ယခင်တုန်ကလည်း ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးအချုပ်ထဲထည့်မှုတွေလုပ်ဆောင်သလို ဆုံးမပြီးပြန်လည်လွတ်ပေးလိုက်ပေမယ့် ယခင်အတိုင်းပဲသုံးစွဲမှုတွေ ရောင်းဝယ်မှုတွေလုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။ ဇွန်လ ၁၅ ရက်နေ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ အမျိုးသား ၇ ဦး အမျိုးသမီး တစ်ဦးပါဝင်ကာ ထိုသူများကို လက်ရှိအချိန်ထိ လွတ်ပေးခြင်းမရှိသေးသလို ဘယ်လိုဘယ်ပုံ အရေးယူမှုတွေလုပ်ဆောင်သွားမည့်အကြောင်းလည်း မသိရှိရသေးကြောင်းနဲ့ သူတို့သတင်းတွေ မသိရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ယခင်တုန်းကလည်း မူးယစ်ဆေးဝါးသုံးစွဲသူ ရောင်းဝယ်သူတွေကို သူတို့မှာရှိတဲ့ အချုပ်ထဲထည့်ပြီး ပြန်လွတ်ပေးလေ့ရှိတယ်၊ လက်ရှိဖမ်းဆီးသွားသူတွေတော့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ မသိရသေးဘူး” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ဂွေထုဒေသ အင်ဂန်ကျေးရွာမှာ လွန်ခဲ့သောအပတ်ကလည်း ဘိန်းဖြူထိုးမှားပြီး လူကြီးတစ်ဦး လူငယ် နှစ်ဦး သေဆုံးမှုတွေရှိခဲ့ကာ ကျေးရွာအတွင်း မူးယစ်ဆေးသုံးစွဲသူတွေ များပြားလာတာကြောင့် တောင်ယာ၊ လယ်ယာစိုက်ခင်းနဲ့ အိမ်တွေထဲမှာ အိမ်သူအိမ်သားမရှိချိန် ခိုးမှုတွေ ပုံမှန်ဖြစ်ပွားလာတာကြောင့် အများပြည်သူစိုးရိမ် ထိတ်လန့်နေရကြောင်း သိရှိရပါတယ်။

Leave a Reply

*