အင်ခိုင်ဘွမ်တွင် ကချင်လူငယ်များစောင့်ကြည့်ခြင်းပြုလုပ်

မြစ်ကြီးနားမြို့ အင်ခိုင်ဘွမ်တောင်ခြေတွင် ဗုဒ္ဓရုပ်ပွားတော်တည်ထားကိုးကွယ်ဖို့ လုပ်ဆောင်ခြင်းကို ပြည်နယ်အစိုးရမှ ရပ်ဆိုင်းထားဖို့ လုပ်ဆောင်ထားပေမယ့် ရုပ်ပွားတော်တည်ဆောက်ခြင်းများ ဆက်လက်လုပ်ဆောင်လာမည်ကိုစိုးရိမ်သောကြောင့် မြစ်ကြီးနားအတွင်းရှိ ကချင်လူငယ်များစုပေါင်းပြီး စောင့်ကြည့်ခြင်းများကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

အင်ခိုင်ဘွမ်က ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့ဆက်စပ်နေသလို အမွေအနှစ်တစ်ခုလည်းဖြစ်ကာ အစိုးရအနေဖြင့်လည်း အမျိုးသားဥယျဉ်အဖြစ်သတ်မှတ်ထားတာကြောင့် ဌာနေတိုင်းရင်းသားများကို ဆွေးနွေးတိုင်ပင်ခြင်းမရှိလုပ်ဆောင်ခဲ့တာကြောင့် ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

“ကန့်ကွက်နေရခြင်းက ကျတော်တို့က ပိုင်ရှင်တွေဖြစ်တာကြောင့် ကာကွယ်ခြင်းဖြစ်တယ်၊ ဌာနေပြည်သူများကို ပြောဆိုဆွေးနွေးခြင်းမရှိဘူး၊ ကျတော်တို့ ဒီရုပ်ထုကို အင်ခိုင်ဘွမ် (အမျိုးသားဥယျဉ်) ကနေပြောင်းရွေ့လိုက်ဖို့ ပြောဆိုထားတယ်၊ ဆက်လက်လုပ်ဆောင်မယ်ဆိုရင်တော့ ကျတော်တို့လည်း လိုအပ်တာတွေလုပ်သွားမှာပါ၊ အင်ခိုင်ဘွမ်ကို ဆက်လက်ပြီးတော့ ကာကွယ်စောင့်ရှောက်သွားမှာပါ” လို့ အင်ခိုင်ဘွမ်စောင့်ကြည့်ရေးတွင် ပါဝင်နေတဲ့လူငယ်တစ်ဦးကပြောပါတယ်။

ယခုလိုကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းလုပ်ဆောင်နေတဲ့ လူငယ်များက ဘာသာပေါင်းစုံကလူငယ်များဖြစ်ကြကာ အင်ခိုင်ဘွမ်စောင့်ရှောက်ခြင်းအနေဖြင့် သတ်မှတ်ထားတဲ့နယ်မြေတွေကို ထင်ရှားအောင်မှတ်တိုင်စိုက်ထူခြင်း၊ သစ်ပင်စိုက်ခြင်းများလုပ်ဆောင်နေပါတယ်။

အင်ခိုင်ဘွမ်ကို ကချင်ပြည်နယ်အစိုးရအနေဖြင့် တရားဝင်အဖြစ် အင်ခိုင်ဘွမ်နဲ့ဘေးပတ်ဝန်းကျင် ဧက ၇၄၂၀၀ ကို အမျိုးသားဥယျဉ်နယ်မြေအဖြစ် သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

Leave a Reply

*