တနိုင်း လီဒိုလမ်း၊ ဒွန်ဘန်ကျေးရွာအနီး၊ အင်ခတ်ပါကျေးရွာတွင် လက်ရှိအချိန်တွင် ပြင်ပမှအခြားသူစိမ်များ နေထိုင်တာများပြားလာတဲ့အပြင် ဒေသခံများရဲ့ မြေနေရာများကို ရယူခြင်းတွေရှိလာတာကြောင့် ဒေသခံများက စိတ်သောက ရောက်နေကြရပါတယ်။
အင်ခတ်ပါကျေးရွာတွင် ဒေသခံကချင်လူမျိုး အိမ်ထောင်စု (၃၀) ကျော်ရှိတာဖြစ်ပေမယ့် လက်ရှိအချိန်တွင် ငွေကြေးအခက်အခဲရှိလာတာကြောင့် မြေနေရာများ ရောင်းချခြင်း အခြားသူများကို ငှားယမ်းခြင်းများလုပ်ဆောင်လာတာကြောင့် မြေနေရာဆုံးရှုံးလိုက်ရမှုတွေနဲ့လည်း ကြုံတွေ့နေရခြင်းကြောင့် လက်ရှိတွင် အိမ်ထောင်စု (၁၀) စုလောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
“အင်ခတ်ပါကျေးရွာက အရင်တုန်းက အိမ်ထောင်စု (၃၀) ရှိတာ၊ တည်ဆောက်ဆဲကျေးရွာဖြစ်တာပေါ့ အခြေအနေပေါ်မူတည်ပြီး အရေးပါတဲ့နေရာတော့ဖြစ်တာကြောင့် ဒီနေရာဒေသကို ဆုံးရှုံးလိုက်ဖို့ မဖြစ်သင့်ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
၂၀၁၀-၂၀၁၁ ခုနှစ်ကစပြီး အခြားသောလူမျိုးများ ဝင်ရောက်အခြေချနေထိုင်မှုတွေ ရှိလာတာကြောင့် လက်ရှိတွင် အိမ်ထောင်စု (၄၀) ကျော် နေထိုင်နေပြီဖြစ်ကာ အိမ်ထောင်စုတစ်ခုကို ဧက ၄၀ ကနေ ၅၀ အထိ နေရာယူလိုက်ခြင်းတွေရှိကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။