အခြေခံပညာကျောင်းဆရာများအား သင်ကြားရေးစနစ်သစ် ပို့ချပေး

ပညာရေးဌာန (ဗဟို) ကနေဦးဆောင်ပြီး အခြေခံပညာကျောင်းများရဲ့ သင်ကြားရေးစနစ်သစ်အတွက် ကျောင်းဆရာများကို သင်ကြားပို့ချမှုတစ်ခု လိုင်ဇာဟိုတယ်မှာ ဇူလိုင် ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ဒီပို့ချမှုက ကျောင်းဆရာများ သင်ကြားရေးတွင် ပိုမိုတက်ကျွမ်းလာစေဖို့နဲ့ ကျန်ရှိနေသေးတဲ့ ကျောင်းဆရာများကို ထပ်ဆင့်ပြန်လည်သင်ကြားပေးနိုင်ဖို့ ပို့ချပေးခြင်းဖြစ်ကာ ဒီသင်တန်းကို တက်ရောက်သူများအနေဖြင့် မိမိတာဝန်ထမ်းဆောင်နေသော အရပ်ဒေသများရှိ ကျောင်းများတွင်ပြန်လည်ပို့ချပေးရမှာပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရကျောင်းများမှ သင်ရိုးညွှန်းတမ်းစာအုပ်နဲ့ သင်ကြားရေးစနစ်များကို ပို့ချပေးခြင်းဖြစ်ကာ သင်ကြားရေးစနစ် အသစ်ပြောင်းလဲထားမှုတွေရှိတာကြောင့် သင်ရိုးညွှန်းတမ်းရှိ အကြောင်းအရာများကို ကလေးများအားအဓိကထားပြီး သင်ကြားပေးနိုင်ဖို့ ဖြစ်တယ်လို့ ပညာရေးဌာန (ဗဟို)ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ ဆရာဇော်ခရန်က ပြောပါတယ်။

“ပညာရေးအနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်အရာမဆို ပညာရေးပဲ ဒါပေမယ့် ကျတော်တို့ ကချင်လူမျိုးများ စဉ်းစားတွေးခေါ်မှု၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင်တော့ ကျတော်တို့ ဖန်တီးယူရတာပေါ့၊ ကျတော်တို့ရေးဆွဲနေစဉ်အတွင်းမှာတော့ မြန်မာအစိုးရရဲ့ သင်ရိုးညွှန်းတမ်းအများစုကို အသုံးပြုသွားမှာပါ၊ ကျတော်တို့နဲ့ ကိုက်ညီမှုမရှိတဲ့ ခေါင်းစဉ်တွေ၊ ဘာသာရေးဆိုင်ရာတွေ၊ သမိုင်းကြောင်းတွေကို ချန်လှပ်ထားပြီး သင်ကြားသွားမှာပါ” လို့ တွဲဖက်အတွင်းရေးမှူးက အခုလိုပြောပါတယ်။

ဆရာဖြစ်သင်တန်းမှာတော့ လိုင်ဇာမြို့မှ ကျောင်းဆရာများ၊ ပညာရှင်များ၊ ဒေသအသီးသီးမှ တာဝန်ရှိသူများနဲ့ MIED ကျောင်းဆရာဖြစ်ကျောင်းမှ ကျောင်းဆရာ အယောက် ၄၀ လည်း ပါဝင် သင်ကြားခံယူခဲ့ပါတယ်။

Leave a Reply

*