ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေ ဆည်ကြီးတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၆ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဆည်ကြီးရှိ ခလရ (၂၅၇) တပ်စခန်းကို ကေအိုင်အေတပ်မှ လက်နက်ကြီးများဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်တပ်မှ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ကာ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရှိရသေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ကေအိုင်အေ တပ်ရင်း (၃၄) နယ်မြေ နာလွိုင်နဲ့ ဘန်ဝ ကျေးရွာကြား ဩဂုတ်လ ၂၀ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်တွင်လည်း အဆိုပါ ဆည်ကြီးတပ်စခန်းက လက်နက်ကြီး ပစ်ကူတာတွေ ရှိခဲ့တာပါ။
ထို့အပြင် ယနေ့ မနက် အစောပိုင်းတွင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေ Gyu Mana တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာန်း ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ မနက် ၆ နာရီခွဲထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း သိရပါတယ်။