ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်းကြောင့် ကျေးရွာအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အုပ်စုများက စစ်ဆေးမှု ပြင်းထန်စွာ လုပ်ဆောင်နေခဲ့ကြောင်း သိရပါတယ်။
အဆိုပါ သတ်ဖြတ်ခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်က စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၇ နာရီခွဲတွင် စစ်တပ်စခန်းကနေ ပြန်လာစဉ် နေအိမ်ရှေ့အရောက်တွင် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရတဲ့ ဆိုင်ကယ်စီးနင်လာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးက နေအိမ်တွင် ညအိပ်ခြင်းမရှိပဲ စစ်ကောင်စီ တပ်စခန်းတွင်သာ သွားရောက်အိပ်စက်သူလည်းဖြစ်ပြီး စကစလက်အောက် တာဝန်ထမ်းဆောင်နေတာ ၄ နှစ်ခန့် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ဦးထွန်းထွန်းဦး သတ်ဖြတ်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ကာ ဒေသခံပြည်သူများကို ပြင်းထန်စွာစစ်ဆေးနေခဲ့ပြီး တပ်စခန်းကနေလည်း အနီးဝန်းကျင်ဘက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့တာကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်း ပိတ်ဆို့ စစ်ဆေးမှုများကြောင့် ခရီးတခေါက်နားရာ နေရာဖြစ်တဲ့ နန့်ယားတွင် ရောက်ရှိနေတဲ့ ကုန်ကားနဲ့ ခရီးသွားပြည်သူများလည်း စစ်ဆေးမှု တင်းကြပ်နေခဲ့ကြောင်း သိရပါတယ်။