ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့ဖို့ လာရောက်တဲ့ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ မတ်လ ၅ ရက်နေ့ မနက် ၄ နာရီခန့်တွင် KIA, PDF ပူးပေါင်းတပ်မှ နေရာ ၂ ခုတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။
စစ်ယာဉ် ၃၃ စီးပါ အဆိုပါယာဉ်က စစ်အင်အား၊ စစ်လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့ဖို့ လာရောက်စဉ် စစ်ကိုင်းတိုင်း နဘားတွင် တစ်ကြိမ်၊ ပင်ဝဲတွင် တစ်ကြိမ် KIA, PDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အင်းတော်တော်လှန်ရေးအင်အားစု IR ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးကာ စစ်ယာဉ် ၁ စီးလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
မတ်လ ၃ ရက်နေ့ မနက် ၉ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ယာဉ် ၃၀ ပါ ယာဉ်တန်းကို မော်လူး၊ မော်ဟန် အောက်ဘက်ပိုင်း ထီးချိုင့်တဝိုက်တွင် KIA, PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့မှုလည်း ရှိခဲ့ပါသေးတယ်။
လက်တလောတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများ ဖြည့်တင်းမှုတွေ ခပ်စိတ်စိတ်ပြုလုပ်လာခြင်းကြောင့် ခုခံတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ဆိုသလို ရှိနေပါတယ်။