ဟိုပင်မြို့အနီး ကြာကြီးကွင်းတွင် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ကချင်ပြည်နယ်ဘက် စစ်အင်အားဖြည့်တင်းလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ယာဉ် ၂၇ စီးပါ ယာဉ်တန်းက စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ တင်ဆောင်ကာ စစ်ရေးတိုးမြင့်ပြုလုပ်လာတာကြောင့် KIA နဲ့ PDF တို့ ယခုလို မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစစ်ယာဉ်တန်းက မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ဆက်လက်ထွက်ခွာလာတာကြောင့် ညနေပိုင်း ၁ နာရီအချိန်ခန့်မှာတော့ ပင်းဘောအနီးတွင် KIA နဲ့ PDF တို့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ကာ သေဆုံးမှုစာရင်းအတိအကျကတော့ မသိရှိသေးကြောင်း သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်းဘက်ကနေ စစ်ယာဉ်တန်း ၅၇ စီးဖြင့် ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းဖြစ်ကာ ပင်ဝယ်၊ မော်လူးနဲ့ မော်ဟန်ကြား၊ ညောင်ကုန်းစတဲ့ နေရာ ၃ ခုတွင် KIA နဲ့ PDF တို့ ပူးပေါင်းအဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နိုင်ခဲ့ကာ စစ်ယာဉ်ပျက်စီးမှုနဲ့ သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။