အကြမ်းဖက် စစ်ကောင်စီ ပေါ်တာဆွဲသွားတဲ့ ဒေသခံ ၄၀ ဦး PCG ညှိနှိုင်းပြီး ပြန်လွတ်လာ

ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

ရက်အတော်ကြာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ ဖားကန့်လမ်းပိုင်းရှိ ကျေးရွာများမှ​ဒေသခံ ၄၀ ဦး ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခြင်းခံလိုက်ရတဲ့ အဆိုပါ အမျိုးသား အယောက် ၄၀  ဝန်းကျင် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group’s (PCG) မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောဆိုဆွေးနွေးမှုအပြီး ယခုလို ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်တဲ့ ခရိုင်ယွန်၊ ဂတ်နွယ်၊ ခွမ်ဆိုင်ဇွပ်၊ ၅ မိုင်၊ ဆိုင်းဖရာ၊ နန့်ယား ခင်တောင်၊ ပါခရမ်ပါနဲ့ နောင်ဆန် စတဲ့ကျေးရွာများမှ အမျိုးသားများကိုသာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ပေါ်တာဆွဲခံခဲ့ရသူများထဲတွင် ကျောင်းသားများ၊ ဘာသာရေးဆရာ ကျောင်းဆရာများနဲ့ တောင်ယာလုပ်နေသူများအထိ ပါဝင်ကြကာ ခရီးသည်နဲ့ ကားသမားများကိုတော့ ထိုနေ့မှာပင် လွတ်ပေးခဲ့ပေမယ့် ကျန်သူများကိုတော့ ကားမိုင်းဗျူစာကုန်းနဲ့ ခမရ ၃၈၃ တပ်စခန်းများတွင် ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။

ဒေသခံများ ဖမ်းဆီးခံထားရခြင်းနဲ့ သက်ဆိုင်ပြီး ကျေးရွာလူကြီးများနဲ့ ဒေသခံများမှ အကြမ်းဖက် စစ်ကောင်စီဘက်မှ တာဝန်ရှိသူများကို ညှိနှိုင်းခဲ့ပေမယ့် ပြန်လည်လွတ်ပေးခြင်းမရှိတာကြောင့် PCG အဖွဲ့ကို အကူအညီတောင်း ညှိနှိုင်းခိုင်းစဉ် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

*