တနိုင်း-လီဒိုလမ်းတဝိုက်ရှိ ကျေးရွာများတွင် တရားမဝင်အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှား သွားလာမှုတွေ ရှိနေတာကြောင့် ကေအိုင်အေတပ်နဲ့ တိုက်ပွဲများ ဖြစ်ပွားလာမှာကို ဒေသခံများက စိုးရိမ်နေကြပါတယ်။
ယနေ့ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက လဝါးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ် ခမရ (၃၉၀) တပ်မှ အင်အား (၆၀) ကျော်ပါ ခြေလျင်စစ်ကြောင်းက ဒွန်ဘုံချောင်းဖြတ်သန်းကာ ကျေးရွာတဝိုက် စစ်ရေးလှုပ်ရှားနေကြောင်း သိရပါတယ်။
အဆိုပါဒေသတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေပြီး ကျေးရွာအနီး စစ်ကြောင်းချီနေခြင်းကလည်း ဒေသခံများအတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ဒေသခံများက ပြောပါတယ်။
အင်အား (၆၀) ပါ အဆိုပါစစ်ကြောင်းက ဇွန်လ ၂ ရက်နေ့က ရှဒူးဇွပ်ကျေးရွာဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ကာ လဝါးဘုန်းကြီးကျောင်းတွင် အိပ်စက်ပြီး ဆက်လက်ထွက်ခွာနေတာဖြစ်ပြီး ရှဒူးဇွပ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ ကေအိုင်အေတပ်ကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေ ရှိနေပါတယ်။