“အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး ၅ ဦးထက်မနည်း ဒဏ်ရာရရှိ”

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့လည် ၂ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ  ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းထိခိုက်ဒဏ်ရရှိသူလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆန်ခါကျေးရွာအနီးရှိ မဇွပ်ယန်အချုပ်ထောင်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လိုက်စဉ် ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ကလေးငယ်အပါအဝင် သက်ကြီးပိုင်းများ လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲနေရာယူထားတဲ့ အနီးဝန်းကျင်ဘက် လက်နက်ကြီး လေးကြိမ် ပစ်ခတ်လိုက်စဉ် ကျေးရွာအတွင်းနဲ့ ဘုရားကျောင်းဝင်းတွင် လက်နက်ကြီး တစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူများ ထိတ်လန့်သွားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းများမှ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများက တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေက အမြဲလိုလို ရှိနေပြီး ညအချိန်မတော် လက်နက်ငယ်ပစ်ခတ်မှုတွေလည်း ရှိတာကြောင့် ပြည်သူများက စိုးရိမ်မှုအပြည့်ဖြင့် သတိကြီးစွာနေထိုင်နေရကြောင်း ပြောဆိုကြပါတယ်။

Leave a Reply

*