အကြမ်းဖက် စစ်ကောင်စီရဲ့ ကွတ်ခိုင်တပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးခဲ့ရ

ကွတ်ခိုင်မြို့နယ် အနောက်ခြမ်း ဇွပ်အောင်စစ်ဘေးရှောင်စခန်းဘက် ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့် အကြမ်းဖက် စစ်ကောင်စီတပ်မှ​လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးခဲ့ရကြောင်း သိရပါတယ်။

လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် အကြမ်းဖက် စစ်ကောင်စီရဲ့ ကွတ်ခိုင်တပ်စခန်းကနေ ၁၀၅-မမ လို့ ခန့်မှန်းရတဲ့ လက်နက်ကြီး ၇ ကြိမ်တိတိ ကာလိုင်ကျေးရွာဘက် ပစ်ခတ်လိုက်တာကြောင့် ဇွပ်အောင်စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲတာကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရကာ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ရပါတယ်။

လက်နက်ကြီးပစ်ခတ်အပြီး အကြမ်းဖက် စစ်ကောင်စီအဖွဲ့က စစ်ရှောင်စခန်းဘက် စစ်ရေးလှုပ်ရှားလာမှုရှိခဲ့တာကြောင့် စစ်ရှောင်ပြည်သူများက ဘေးလွတ်ရာဘက်ကို တိမ်းရှောင်နေခဲ့ရပါတယ်။

လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ဒွမ်ဖောင်း လအောင်ကိုတော့ ကွတ်ခိုင်ဆေးရုံကြီးဘက် ပို့ဆောင်ကုသပေးနေပြီး စစ်ဘေးရှောင်ပြည်သူများကတော့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရာ အချို့ကတော့ ရှမ်းပြည် ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံးဝင်းဘက်တွင် တိမ်းရှောင်နေကြပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ကွတ်ခိုင်တပ်စခန်းကနေ ယခုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရမှုတွေ ယခင်ကလည်း ရှိခဲ့ကာ နေအိမ်ပျက်စီးခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

*