ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ကသာဘက် ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင် စက်လှေ ၂ စီးကို ယနေ့ ဧပြီ ၇ ရက် နေ့လည် ၁၁ နာရီခန့်တွင် တိုက်ခိုက်နိုင်ခဲ့ကြောင်း မြို့လှပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ရိက္ခာတင် စက်လှေ ၂ စီးကို အုပ်ချီရွာမှ မြို့လှရွာကြားတွင် စောင့်ကြို ပစ်ခတ်လိုက်ခြင်းဖြစ်ကာ ၂ စီးလုံး နစ်မြုပ်သွားခြင်းကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်အပြီး နှစ်ဖက် အပြန်အလှန် ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်ကောင်စီမှ အုပ်ချီရွာဘက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ပြီး မြို့လှ PDF တပ်မှလည်း ထိခိုက်မှုမရှိ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ဧပြီ ၃ ရက်နေ့တွင်လည်း ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာတင်ဆောင်လာတဲ့ စက်လှေ ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကာ စက်လှေ ၁ စီး ရေဝင်နစ်မြုပ်မှု ရှိခဲ့ပါသေးတယ်။