ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်နဲ့ ဝါဒတ်ကျေးရွာကြားတွင် စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ မတ်လ ၁ ရက် မနက် ၉ နာရီခွဲခန့်တွင် KIA, PDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်အင်အားတိုးချဲ့ဖို့ လာရောက်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကူအဖွဲ့ကို KIA, PDF ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူကလည်း ညနေပိုင်း ၂ နာရီခွဲခန့်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်မှု ရှိခဲ့ပါတယ်။
ကေအိုင်အေ တပ်ရင်း (၇) နယ်မြေတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ နေ့စဉ်နေ့တိုင်းလိုလိုရှိနေကာ အကြမ်းဖက်စစ်ကောင်စီက လက်တလောတွင် ကျိန်ကပ်ဘွမ်ဘက် စစ်ရေးတိုးချဲ့မှု ဆက်တိုက်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်လည်း ပူတာအိုဘက်ကနေ စစ်ကူလာရောက်တဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကို KIA, PDF ပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားခဲ့ကာ တိုက်ပွဲလည်း ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။