အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းပေါ်ရှိ ဆိုင်ဖရာကျေးရွာအနောက်ဘက် မာနော့မှော်ကျေးရွာအနီး ကျွန်းသစ်တောတဝိုက်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁၁) မှ​တပ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက မာနော့မှော်နဲ့ မာနုပါတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက အဆိုပါနေရာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေတာနဲ့အမျှ ညနေပိုင်း ၁ နာရီခန့်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ မြစ်ကြီးနားလေတပ်မှ ဂျက်တိုက်လေယဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်တာကြောင့် ကပ်မှော်ဇွပ်ကျေးရွာတွင် ဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ နေအိမ်တစ်လုံးပျက်စီးကာ သင်းထောက် မဂျီဘရန်နန် (အသက် ၈၇ နှစ်) မှ မိုင်းစထိမှန်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့ရကာ လဖိုင်ခမ်းအောင် (အသက် ၅၈ နှစ်)၊ ဝါဂျယ်ထုရာ (အသက် ၅၅ နှစ်)၊ ပေါ်ထွမ့်ခေါန် (အသက် ၈၆ နှစ်) နဲ့ အင်ဒေါ့်ခေါန်တွမ် (အသက် ၈၁ နှစ်) တို့ ၄ ဦး ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့ကြပါတယ်။

လက်ရှိအချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ အပြစ်မဲ့ပြည်သူများကို မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးဝါးကုသမှုပေးအပ်နေကြောင်း သိရပါတယ်။

နန့်ယားကျေးရွာတွင် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီးများဖြင့် နေ့ည မပျက် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံများက စိုးရိမ်နေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများက အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲမှု လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေက စိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် ဆိုင်ဖရာကျေးရွာရှိ ဘုရားကျောင်းဝင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးနေအိမ်များတွင် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

*