အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေ ကြားဖြတ်တိုက်ခိုက်

ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

ဆဒုံးမြို့နယ်ခွဲ ဇွပ်ရာကျေးရွာနဲ့ ဆနီခူးကြား နွမ်နီချောင်းတံတားထိပ်တွင် ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီအုပ်စုမှ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများဖြည့်တင်းကာ စစ်ယာဉ်တန်းဖြင့် ချီဖွေမြို့နယ်ဘက် ထွက်ခွာလာစဉ် ကေအိုင်အေတပ်မဟာ ၅ တပ်ရင်း ၃ မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် ဝါကတ်တောင်တွင် တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လိုက်ခြင်းကြောင့် ဇွပ်ရာကျေးရွာရှိ အရပ်သားနေအိမ်ဝင်းထဲ ၂ နေရာအထိ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပေမယ့် ထိခိုက်မှုတော့မရှိကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။

အဆိုပါစစ်ယာဉ်တန်းက ဇန်နဝါရီ ၆ ရက်နေ့တွင်လည်း ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းကြောင့် စစ်ကား ၂ စီးပျက်ဆီးပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*