အကြမ်းဖက် စစ်ကောင်စီမှ အမှု ၃ ခုဖြင့် KBC ဥက္ကဋ္ဌဟောင်း Rev. Dr. ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချမှတ်

ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။

အကြမ်းဖက် စစ်ကောင်စီမှ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုပြီး မြစ်ကြီးနားအကျဉ်းထောင်တွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရကာ တရားရင်ဆိုင်နေရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

KBC ဥက္ကဌဟောင်းကို စွဲဆိုထားတဲ့ ပုဒ်မများမှ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁)ကို ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ (က)ကို ထောင်ဒဏ် ၁ နှစ်နဲ့ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)ကို ထောင်ဒဏ် ၃ နှစ်အဖြစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် မတရားစီးရင်ကာ လေးလအကြာတွင် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိတွင် ဒေါက်တာခလမ်ဆမ်ဆွန်အတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေများမှ အယူခံဝင်သွားဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ အဆင့်ဆင့်တက်ရောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်အနေဖြင့် ထိုင်းနိုင်ငံကို ဆေးဝါးကုသဖို့ သွားရောက်နေစဉ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးပြီး မြစ်ကြီးနားထောင်ပို့ကာ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅ (က)နဲ့ ပုဒ်မ ၅၂ (က)တို့ဖြင့် မတရားသဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Leave a Reply

*